Tuesday, September 29, 2009

Children phots taken from Swimming Day






မိဘနဲ့ သားသမီး ကြားကမေတ္တာ

 ကိုလူလှတစ်ယောက် တစ်နေ့ကမှ ၀ယ်ထားသည့် ကားသစ်ကလေးကို တသသနှင့်
အိမ်ရှေ့ကွက်လပ်ထဲ၌ ရေဆေးကာ သန့်ရှင်းရေးလုပ်နေစဉ် သူ၏
လေးနှစ်အရွယ်သားကလေး မောင်လှသည် အိမ်ထဲမှ ပြေးထွက်လာပြီး ကျောက်ခဲတစ်တုံး
ကောက်ကိုင်ကာ မပြောဆိုနှင့် ကားဘေးတလျှောက် ဟိုခြစ်ဒီခြစ် ခြစ်လေသည်။

 ကားအသစ်စက်စက်လေးကို ကြည့်မ၀ဖြစ်နေသည့် ကိုလူလှခမျာ
သားဖြစ်သူ၏လုပ်ရပ်ကြောင့် ဒေါသအကြီးအကျယ်ထွက်ပြီး
ဆော့လွန်းသည့်ကလေးလက်များကို နီးရာဖြင့် ကောက်ရိုက်လေသည်။ ကိုလူလှမှာ
ဒေါသကြောင့် ရိုက်နေသော်လည်း သူ့လက်ထဲတွင် ကိုင်ထားသည့်အရာမှာ
တုတ်ချောင်းမဟုတ်ဘဲ ဂွရှင် တချောင်းဖြစ်နေသည်ကို သတိမထားမိခဲ့ပေ။

 မောင်လှလေး၏ လက်ချောင်းများမှာ ဂွရှင်ဖြင့် ကြိမ်ဖန်များစွာ
ရိုက်နှက်ခံထားရသည်ဖြစ်ရာ အရိုးများကြေမွကုန်ပြီး ဆေးရုံတွင်
လက်ချောင်းလေးများ အကုန်ဖြတ်တောက်ကုသရသည်အထိ အဖြစ်ဆိုးခဲ့လေသည်။

 မောင်လှလေးက မျက်ရည်များစို့နေသော သနားစဖွယ်မျက်နှာငယ်လေးနှင့်
ဖခင်ဖြစ်သူကိုကြည့်ပြီး "ဖေဖေ သားလက်ချောင်းလေးတွေ ဘယ်တော့
ပြန်ထွက်လာမှာလဲဟင်"ဟု မေးရာ ကိုလူလှမှာ ရင်ထဲတွင်
ထိခိုက်လွန်းလှသောကြောင့် စကားပင် ပြန်မပြောနိုင်ဖြစ်နေခဲ့ရသည်။

 ထိုနေ့ အိမ်ပြန်ရောက်သောအခါ ကားအသစ်ကို သားအတွက်ဒေါသဖြစ်ဖြစ်နှင့်
အတန်ကြာ ကန်ကျောက်နေခဲ့သည်။ မောလောက်ပြီဆိုတော့မှ
ကားဘေးမျက်ခင်းပြင်ပေါ်တွင် ခြေကုန်လက်ပန်းနှင့် ထိုင်ချလိုက်သည်။
ထိုင်နေလျက်နှင့် သားခြစ်ဆွဲထားသည့် ကားဘေးနေရာကို လှမ်းကြည့်လိုက်တော့မှ
"အဖေ့ကို သားချစ်တယ်" ဆိုသည့် မောင်လှလေး ကျောက်ခဲဖြင့်
ခြစ်ထားသည့်စာများကို အံ့သြဖွယ်ရာ တွေ့လိုက်ရလေသည်။

 နောက်တစ်နေ့တွင် ကိုလူလှတစ်ယောက် မိမိကိုယ်မိမိ
အဆုံးစီရင်သွားပြီဆိုသည့်သတင်း ထွက်ပေါ်လာလေတော့သည်။


 အရမ်းကောင်းလို့ သူငယ်ချင်းတွေကိုဝေမျှ လိုက်တယ်နော်။

 email ပို့ပေးတဲ့ မျိုး ကို ကျေးဇူးတင်ပါတယ်။

Saturday, September 26, 2009

ပန်းကျောင်း အကြောင်း

     တိမ်မုန်တိုင်းသည် ကောင်းကင်ဝယ် ခြိမ်းခြိမ်းမြည်ဟည်းကာ 
နယုန်မိုးပြေး လာသောအခါ အရှေ့လေစိုသည် လဟာပြင်ပေါ်၌ 
လမ်းလျှောက်ကာ ၀ါးရုံအကြား၌ ပုလွေမှုတ်ရန်လာသည်။
    ထိုအခါ ပန်းတို့သည် ဘယ်သူမှ ဘယ်အရပ်က လာသည်မသိ။ 
အစုလိုက်၊ အစုလိုက် ရုတ်ခြည်း ထွက်လာ၍ မြက်ခင်းပေါ်တွင် 
အပျော်ကြီးပျော်စွာ က ကြ၏။
    မိခင် ... ပန်းတို့သည် မြေအောက်၌ ကျောင်းတက်သည်ဟု 
ကျွန်တော် အမှန်ယုံပါသည်။
    သူတို့သည် သင်ခန်းစာများကို တံခါးပိတ်လျက် သင်အံသည်။ 
အချိန်မစေ့မီ အပြင်ထွက်လိုသောသူကို သူတို့၏ဆရာက ထောင့်ကွေးမှာ 
မတ်တက်ရပ်စေသည်။ မိုးလာသောအခါ သူတို့ကျောင်းပိတ်သည်။
    တောမြိုင်တွင်းဝယ် သစ်ကိုင်းတို့သည် တစ်ကိုင်းနှင့်တစ်ကိုင်း 
ထိခိုက်၏။ သစ်ရွက်တို့သည် လေထဲ၌ တရှဲရှဲမြည်၏။ မိုးကြိုးတိမ်တို့လည်း 
မိမိတို့၏ လက်ဘီလူးများဖြင့် လက်ခုပ်တီး၏။
    ပန်းသူငယ်တို့လည်း ၀တ်သစ်လွင် နီ၊ ဖြူ၊ ၀ါဖြင့် ပြေးထွက်လာကြ၏။
    မိခင်သိပါစေ။ သူတို့အိမ်ဟာ ကြယ်တွေနေတဲ့ ကောင်းကင်မှာ။ 
သူတို့သည် ဟိုကို ရောက်ချင်လှသည်ကို မေမေ မမြင်ဘူးလား။ 
သူတို့ ဘာကြောင့် ဒါလောက် အလျင်စလိုရှိသည်ကို မေမေသိပါစ။ 
သူတို့ မည်သူ့ထံ လက်လှမ်းနေသည်ကို ကျွန်တော်ရိပ်မိပါသည်။ သူတို့မှာလည်း 
ကျွန်တော့်လိုပဲ အမေရှိတာပေါ့။
     ရာဘင်ဒြာနယ်တဂိုးရေး၍
     မောင်ဖြူးဘာသာပြန်သော
     ဆန်းစသော်တာ ကဗျာများ...မှ
     မင်းလူရဲ့ ပန်းကျောင်း ၀ထ္တုထဲက အဖွင့်ကဗျာကို ကူးယူထားတာပါ။

     ဘလော့တွေမှာ အဖွင့်ပို့စ် ရေးလေ့ရှိသလား ကျွန်တော်မသိပါဘူး။ ဒါပေမယ့်
အခု ရေးနေတဲ့ပို့စ်ကို အဖွင့်ပို့စ်လို့ပြောရင် ပိုနီးစပ်မယ်လိုထင်ပါတယ်။
     ပန်းကျောင်း လို့ဆိုလိုက်ရင် မင်းလူရဲ့ဝတ္ထုကို လူတော်တော်များများ ပြေးမြင်မိကြမှာပါ။ 
google မှာ ပန်းကျောင်းလို့ ရိုက်ရှာလိုက်ရင်လည်း မင်းလူနာမည်နဲ့ တွဲပြီးထွက်လာတာကိုပဲ
တွေ့ရမှာပါ။ ဒီလိုဆိုတော့ ပန်းကျောင်းဟာ မင်းလူရဲ့ မူပိုင်လို ဖြစ်နေတာတွေ့ရတယ်။
     တကယ်လည်း ဒီဘလော့ဂ်ကို နာမည်ပေးဖို့ စဉ်းစားတော့ (ကို)မင်းလူရဲ့ ပန်းကျောင်း
နာမည်နဲ့ အဖွင့်ကဗျာလေးကို စိတ်ထဲ အမှတ်ထင်ထင်ဖြစ်နေတော့ ယူသုံးလိုက်တာပါ။ (ကိုမင်းလူ
ကိုတော့ ဘယ်လိုဆက်သွယ်ပြီး ခွင့်တောင်းရမှန်းမသိလို့ ဒီနေရာကနေပဲ ခွင့်တောင်းလိုက်ပါတယ်။
     ကျေးဇူးတင်စွာဖြင့်......

Friday, September 25, 2009

ဖတ်ပြီးရင် မရီရဘူးနော်....ကတိ...

နိုင်ငံတော် အစိုးရမှ ဥပဒေသစ်တရပ်ကို ထုတ်ပြန်ကြေငြာလိုက်ရာဝယ်… လက်ထပ်ထားပြီးငါးနှစ်အတွင်းမှာ အကြင်လင်မယားတိုင်း ရင်သွေးတယောက် ရရှိထားပြီး ဖြစ်ရပါမယ်တဲ့။ ဒီတာဝန်ကို မကျေပွန်ခဲ့ရင် သက်ဆိုင်ရာမှ ကြီးကြပ်၍ ယောက်ျားတယောက်ကိုစေလွှတ်ကာ ထိုအိမ်ထောင်ရှင်မအား မိခင်တယောက် ဖြစ်လာစေရေးအတွက် လိုအပ်သည်များကိုတာဝန်ယူ ဆောင်ရွက်ပေးမှာ ဖြစ်ပါသတဲ့။
ငါးနှစ်မြောက် မင်္ဂလာနှစ်ပတ်လည် ကျင်းပပြီး နောက်တနေ့မှာ တော့ အခုထိ ကလေးမရသေးတဲ့ အကြင်စုံတွဲဟာ ဒီကိစ္စကို စဉ်းစားရတော့တာပေါ့…
ယောက်ျားလုပ်သူက…
"မိန်းမရေ… ကိုယ်ကတော့အလုပ် သွားရတော့မယ်ကွာ။ ဒီကနေ့ သက်ဆိုင်ရာ ရုံးချုပ်က လွှတ်တဲ့လူ လာလိမ့်မယ် ထင်တယ်။ ဘယ်တတ်နိုင်မှာလဲ အချစ်ရာ။ ကိုယ်ကမှ အဖြစ်မရှိခဲ့တာကိုး။ မင်းသာ ဖြစ်လာသမျှကို သတ္တိရှိရှိနဲ့ ရင်ဆိုင်ပေတော့။ ကိုယ်သွားတော့မယ်ကွာ… "
အဲဒီလိုပြောပြီး ခေါင်းကိုငိုက်စိုက်ဆွဲ… မျက်လွှာကို အောက်ကိုချပြီး စိတ်ဓာတ်ကျစွာနဲ့ပဲ အိမ်ကနေ ထွက်သွားတော့တယ်။ သူ့အမျိုးသမီးကတော့ အိမ်မှုကိစ္စတာဝန်တွေကို ဆက်လုပ်နေတာပေါ့။
ခဏနေတော့ အိမ်ရှေ့ကနေ ခေါင်းလောင်းသံ ကြားလိုက်ရတယ်။ တံခါးဝမှာ စောင့်နေတဲ့သူက သက်ဆိုင်ရာက လွှတ်လိုက်တဲ့ လူမဟုတ်ပါဘူး။ မွေးကင်းစအရွယ် ကလေးလေးတယောက်ကို ဓာတ်ပုံရိုက်ပေးဖို့ လာရင်း အိမ်နံပါတ်မှားပြီး ရောက်လာတဲ့ ကင်မရာမင်း တယောက်ပါ။
အမျိုးသမီးက တခါးဖွင့်လိုက်ချိန်မှာပဲ ဓာတ်ပုံဆရာက စပြောပါတယ်…
"မင်္ဂလာရှိသော နံနက်ခင်းပါခင်ဗျာ။ ကျွန်တော် လာရင်းကိစ္စကတော့… "
"သိ.. သိ.. သိပါတယ်ရှင့်… ဦး.. အဲ ကိုဘယ်သူ… "
"ကျနော့်နာမည် ဝေယံ လို့ ခေါ်ပါတယ် ခင်ဗျာ… ကျွန်တော် အထူးပြုထားတဲ့ အလုပ်အကိုင်က… "
"သိ.. သိပြီးသားပါရှင်… ခဏထိုင်ပါဦး "
"ခင်ဗျား အမျိုးသားလဲ သဘောတူမယ် ထင်ပါတယ်ဗျာ… "
"ဟုတ်တယ်ရှင့်.. ဒီမနက်ပဲ ကျမတို့ ဒီအကြောင်း ပြောဖြစ်ကြတာပါ… ဒီကိစ္စကို ဒီအိမ်ထဲမှာပဲ ရှင်းဖို့ မှာသွားပါတယ်။ "
"ဟုတ်ကဲ့ခင်ဗျာ… အဆင်သင့်ဖြစ်ရင် အခုပဲ စလိုက်ကြရအောင်လေ။ "
"ဟို… ဟိုလေ… ကျမက ဒါမျိုးတွေ အတွေ့အကြုံမရှိဖူးတော့ ဟိုဒင်း… ဘယ်ကဘယ်လိုစရမယ် မသိဘူးနော်…"
"ဒီကိစ္စအတွက်တော့ ကျနော့်ကို အားကိုးစမ်းဘာဗျာ…။ အင်း… ကျနော့်အထင်တော့ ဒီဆိုဖာပေါ်မှာရယ်… ဟောဟိုက စာကြည့်စားပွဲဘေးမှာရယ်… ရေချိုးခန်းထဲမှာ.. အင်္ကျီဗလာနဲ့။ ဒီကော်ဇောပေါ်မှာ ဆိုရင်တော့ ဘောင်းဘီတို ဒါမှမဟုတ် အပေါ်က အဝတ်တထည်တော့ ဝတ်ထားမှ ကောင်းမယ်ဗျ။ "
"ဘုရား..ဘုရား… အဲလောက်ကြီးတောင်လား… "
"ဟုတ်တယ်လေဗျာ။ တခေါက်ထဲနဲ့တော့ ဘာပုံထွက်လာမလဲမှ မသိနိုင်တာ။ ပုံစံ ခြောက်မျိုးလောက်ဆိုတော့ စိတ်ချရတာပေါ့ အမကြီးရာ။ "
"ကျမတောင်းပန်ပါတယ်ရှင်… အခုကြားရသမျှကတော့ ဘယ်လိုမှ မအပ်စပ်လို့ပါ။ "
"ဒီလိုပေါ့ဗျာ… ဘာကိုမှ ချုပ်တီးမထားဘဲ စိတ်လွတ်ကိုယ်လွတ် လွှတ်ပေးလိုက်တဲ့ အခါကျတော့ အောင်မြင်မှုက ပိုပြီး ကြီးမားတတ်တယ် မဟုတ်လား… "
"အရင်ဦးဆုံး ကျနော် ဖန်တီးခဲ့တဲ့ ပုံတွေကို ပြချင်ပါတယ်ဗျာ။ "
"ရှင်ဖန်တီးခဲ့တာ… အင်း… ပြလေ… ရှင့်မှာ အချိန်ရှိတယ် မဟုတ်လား။ "
"ဟာ… အလောသုံးဆယ် မလိုပါဘူးဗျာ။ ဒီအလုပ်မျိုး လုပ်တယ်ဆိုတာ မြန်မြန်ဆန်ဆန် ပြီးပြီးရော ဘယ်ရပါ့မလဲ… "
(ပြောရင်း ဆိုရင်း ဓာတ်ပုံ အယ်လ်ဘမ်ကို ဖွင့်ပြပြီး)
"ဒီပုံကို ကြည့်ကြည့်ပါဗျာ။ ချစ်ဖို့ မကောင်းဘူးလား။ ဒီအတွက် ကျနော် လေးနာရီတိတိ အချိန်ပေးခဲ့ရတယ်။ ထွက်လာတဲ့ ရလဒ်က လှမှလှပဲလေ။ "
"ဟင်းးးးးး (သက်ပြင်းတွေချလိုက် တံတွေးမြိုလိုက် လုပ်နေရင်း) ဟုတ်တယ်နော် ကလေးလေးက ချစ်စရာလေး… ဒါပေမယ့် လေးနာရီကြီးကတော့ မများဘူးလား ရှင်… "
"ဒါပေါ့.. ဒါပေါ့… နားနားပြီး ဆက်လုပ်ရတာပေါ့… ကြည့်စမ်းပါဦးဗျာ.. ဒီအောက်က ပုံကိုကြည့်စမ်းပါ… အဲဒီတုန်းက ကျနော်က ဘစ်စ်ကား ခေါင်မိုးပေါ်မှာ…ဗျ။ "
"ကားခေါင်မိုးပေါ်မှာ… အမေလေး… မကြားဖူးတာတွေ ကြားနေရတယ်… ထူးဆန်းပါပေ့ရှင်။ "
"ဒီလိုဗျ… အမျိုးသမီးတယောက်… သူကလဲ ကျနော့် အလုပ်အကိုင်ကို သိတယ်.. ယုံကြည်တယ်.. အားကိုးတယ်ပေါ့ဗျာ… သူက သူ့အမျိုးသားကို အထူးအဆန်း ပြချင်လို့ဆိုပြီး ကျနော့်ကို အလုပ်လာအပ်တာပေါ့… အတွေ့အကြုံရှိနေတော့လဲ မခက်ပါဘူးလေ။
အဲဒီအခေါက်က အလုပ်သဘောအရ ဆိုပေမယ့် ကျနော်က တကယ့်ကို စေတနာနဲ့ စိတ်နှစ်ပြီး ကြိုးစားပေးခဲ့တာဗျ။ "
"ဟော.. ဟောဟိုပုံကိုကြည့် အဲဒါက ပန်းခြံထဲမှာ… "
"ပန်းခြံထဲမှာဆိုတာက… လူတွေနဲ့လေ။ လူရှေ့သူရှေ့လဲ အလုပ်ဖြစ်တယ်.. ဟုတ်လား။ သူများတွေက ဝိုင်းကြည့်နေမှာပေါ့။ "
"လူတွေကြည့်တာ မကြည့်တာ ဂရုမစိုက်ပါဘူးဗျာ… ကုန်ကုန်ပြောမယ်… ကျနော်က လူတမျိုးဗျ။ လူတွေ ဝိုင်းအုံကြည့်လေ ကျနော့်ရဲ့ အရည်အသွေးတွေက တောက်ပြောင်လေပဲ…။ အဲဒီတခေါက်ကတော့… ဘယ်လိုပြောမလဲ… အမေလုပ်သူက ဗီဒီယိုမင်းသမီးဗျ… သူက အဲဒီနည်းနဲ့ နာမည်ကြီးချင်တာလေ။ အဲဒီနောက်တော့ တကယ်လဲ ဟိုးလေးတကျော် ဖြစ်သွားတာပါပဲဗျာ။ "
"ဗုဒ္ဓော… ဘုရား.. ဘုရား… "
"ဟုတ်တယ်ဗျ… နေ့လည် နှစ်နာရီမှာ စလိုက်တာ ညနေ ငါးနာရီမှ ပြီးတယ်။ အဲဒီတုန်းကလောက် တခေါက်မှ မပင်ပန်းဖူးဘူးဗျာ.. တကယ်ပါပဲ။ အဲဒီအချိန်က တုန်နေအောင် ချမ်းနေတဲ့ အချိန်ပေါ့။ လာကြည့်ကြတဲ့ လူတွေကလဲ ပြုံလို့ ခဲလို့… အထပ်ထပ် စုအုံနေတာတင် အဝိုင်းကြီး ငါးထပ်လောက်ရှိတယ်။ လူက တအားများလေတော့ အလုပ်လုပ်ရတာလဲ သိပ် ခရီးမတွင်ဘူးလေ။ "
"ရှင်တို့က လူအုပ်ကြီးရှေ့မှာ... အိုးရေးးးး အိုးးရေးးး "
"ဘယ်နေရာကြည့်ကြည့် လူအုပ်ကြီးပဲ တွေ့ရတယ်။ ပရိတ်သတ်ကလဲ ပွဲကျပြီး လက်ခုပ်တွေဘာတွေ ဝိုင်းတီးပေးကြတာဗျ။ အဲဒီမှာ အမေလုပ်သူက စိတ်တွေတိုလာတာပါပဲ… ကျနော်ကိုယ်တိုင်ကပဲ ပွဲမပျက်အောင် ထိမ်းသိမ်းပေးခဲ့ရတာပေါ့။ နောက်တော့ ရဲတွေရောက်လာပြီး ကျနော့်ကို လူကူရှင်းပေးတယ်… အမှန်က ကျနော်က နောက်ထပ် နှစ်ကွက် သုံးကွက်လောက် ဆွဲချင်သေးတာဗျ။ ဒါပေမယ့် ချမ်းကလဲချမ်းနေကြပြီဆိုတော့… (အယ်လ်ဘမ်ကို ပြန်ပိတ်၍ ပြော) ကဲ… အခုပဲ စကြမလား… ကျနော် ထောက်တံထုတ်လိုက်မယ်လေ… "
"ပြောပြောဆိုဆို သူ့ရဲ့ ကင်မရာထောက်တဲ့ ထောက်ကို အိတ်ထဲကထုတ်ဖို့ ဇစ်ဆွဲသံလဲ ကြားလိုက်ရော… "
အဲဒီအမျိုးသမီးလဲ နေရာမှာတင် မေ့လဲကျသွားပါလေရောဗျာ…
email မှ ရရှိတဲ့ ဟာသလေးတစ်ခုပါ။ ပို့ပေးတဲ့ မျိုးကို ကျေးဇူးတင်ပါတယ်

မြန်မာ ငွေစက္ကူ အသစ် ၅၀၀၀ တန် ထုတ်ဝေခြင်း

ယနေ့ စက်တင်ဘာလ ၂၄-ရက်နေ့ ည ၈-နာရီ မြန်မာ့အသံသတင်းကနေ ငွေစက္ကူ အသစ် ၅၀၀၀ တန်ကို အောက်တိုဘာလ ၁ ရက်နေ့မှ စတင်ပြီ ထုတ်ဝေသုံးစွဲမည့် သတင်းကို ထုတ်လွှင့်သွားပါတယ်။ ဒီ ၅၀၀၀ တန် ငွေစက္ကူ သတင်းဟာ လွန်ခဲ့တဲ့ နှစ်များအတွင်းမှာ ကောလဟာဟ အနေနဲ့ ပေါ်လာလိုက် ပြောက်သွားလိုက် နဲ့ ဖြစ်နေတာ ကြာခဲ့ပါပြီ။ အခု လူတွေ သိပ်ပြီး မထင်တဲ့ အချိန်မှာ ကြေငြာလိုက်ခြင်းနဲ့ ပြည်သူတွေ အငိုက်မိ အံ့အားသင့်သွားကြပါတယ်။
ပုံမှန်အားဖြင့် မြန်မာအစိုးရ အနေနဲ့ ငွေစက္ကူနဲ့ ပက်သက်တဲ့ သတင်းကြေငြာတိုင်း မြန်မာငွေ တန်ဖိုး ကျသွားလေ့ရှိပါတယ်။ ဒါကြောင့် မြန်မာအစိုးရ အနေနဲ့ ဒီ ၅၀၀၀ တန် အသစ်ကို ထုတ်ဝေဖို့ အချိန်ကို အတော်ချိန်ဆ ရွေးချယ်ထားပုံ ရပါတယ်။ ဂျူလိုင် ၊ သြဂုတ်လနဲ့ စက်တင်ဘာလတွေမှာ မြန်မာငွေတန်ဖိုး အားနည်းလေ့ ရှိတက်ပါတယ် ။ ဒါပေမယ့် ဒီနှစ်မှာတော့ မြန်မာငွေ တန်ဖိုးဟာ အတော်အသင့် မာနေတာကြောင့် ဒီသုံးလအပြီး အောက်တိုဘာလကနေ စတင်ထုတ်ဝေဖို့ ဆုံးဖြတ်ပုံ ရပါတယ်။
လက်ရှိ မြန်မာနိုင်ငံမှာ သုံးစွဲနေတဲ့ ငွေစက္ကူတွေထဲမှာ ၁၀၀၀ ကျပ်တန်ဟာ အကြီးဆုံး ငွေစက္ကူဖြစ်ပါတယ်။ ဒီ တစ်ထောင် ကျပ်တန်ဟာ ယခု မှောင်ခိုပေါက်ဈေး အမေရိကန်ဒေါ်လာ ၁ဒေါ်လာခန့်ပဲရှိပါတယ်။ ပြီးတော့ မြန်မာ ဘဏ်စနစ်တွေကလည်း သိပ်မကောင်းတော့ လူတွေက ငွေစက္ကူတွေ အထပ်လိုက် အထပ်လိုက် (တစ်ချို့ကိစ္စတွေမှာဆို ပီနံအိပ်နဲ့) ကိုပဲ ကိုင်တွယ် သုံးစွဲနေရတဲ့ အနေအထားမှာ ရှိပါတယ်။ ဒါကြောင့် ကျပ် ငါးထောင်တန်ဟာ ဈေးကွက်မှာ အမှန်တစ်ကယ် လိုအပ်နေပါတယ်။
မြန်မာကျပ်ငွေ နဲ့ နိုင်ငံခြားငွေ ဖလှယ်နှုန်းကို မှောင်ခိုဈေးကွက်ကနေပဲ သတ်မှတ် လဲလှယ်သုံးစွဲလာခဲ့ကြတာ နှစ်အတော်ကြာခဲ့ပါပြီ။ ဈေးကွက်စီးပွားရေးကို စတင်ကျင့်သုံးတဲ့ အချိန်ကစလို့ မြန်မာငွေ ဖလှယ်နှုန်းဟာ အမေရိကန် ၁ ဒေါ်လာ ကို ၅၀ ကျပ်နှုန်းခန့်ကနေ ၁၃၅၀ကျပ်ခန့် အထိ နှစ်ပေါင်းနှစဆယ်အတွင်းမှာ ကျဆင်းသွားခဲ့ပါတယ်။ ဒါပေမယ့် ဒီနှစ်အပိုင်းအခြား ကာလတွေမှာ မြန်မာငွေတန်ဖိုး အတော်တည်ငြိမ်ခဲ့တာ တွေ့ခဲ့ရပါတယ်။ ဒီနှစ်ဆန်းပိုင်းမှာဆိုရင် အမေရိကန် ၁ဒေါ်လာကို မြန်မာငွေ ၉၈၅ ထိ စံချိန်တင် ဖြစ်ခဲ့ပါတယ်။ အခု ကျပ် ငါးထောင်တန် ထုတ်ဝေခြင်းဖြင့် မြန်မာငွေ ဖလှယ်နှုန်းကို ဘယ်လိုသက်ရောက်မှု ရှိမလဲဆိုတာ စိတ်ဝင်စားစရာပါပဲ။
ကျပ်ငါးထောင်တန် ငွေစက္ကူအသစ်ရဲ့ ပုံသကျဏ္ဍန် နဲ့ အသေးစိတ်ကို ဒီမှာ ကြည့်နိုင်ပါတယ်။

Wednesday, September 23, 2009

Happy Birthday Chaw Eaindray

A simple celebration, a gathering of friends; here is wishing you great happiness, a joy that never ends.
CC Birthday 1
CC Birthday 2
ချောချော ၃ နှစ်မြောက် မွေးနေ့ကို သူ့ရဲ့ သူငယ်ချင်းတွေနဲ့ ကျောင်းမှာလုပ်ခဲ့တဲ့ အမှတ်တရ ဓါတ်ပုံလေးတွေပါ။