Sunday, October 4, 2009

Life

Life အကြောင်း သူငယ်ချင်းတစ်ယောက် ပြောပြခဲ့ဘူးတာလေးပါ။

စိတ်ပညာအတန်းတစ်ခုမှာ ပါမောက္ခတစ်ယောက်ဟာ သူ့ရှေ့က စားပွဲပေါ်မှာ ပစ္စည်းတွေ တင်ထားပြီး အတန်းသားတွေ စုံအောင် စောင့်နေတယ်။

သင်တန်းစတာနဲ့ ပါမောက္ခဟာ သူ့ရှေ့မှာ ရှိတဲ့ ဖန်ရေတကောင်း အကြီးကြီးထဲကို ဂေါက်သီးဘောလုံးတွေ အပြည့် ဖြည့်လိုက်တယ်။ ပြီးတော့ အတန်းသားတွေဘက်လှည့်ပြီး ပြည့်ပြီလားလို့ မေးလိုက်တယ်။ အားလုံးက တစ်ညီတစ်ညွတ်တည်း ပြည့်ပါပြီလို့ ပြန်ဖြေလိုက်တယ်။

တစ်ခါ ပါမောက္ခက ဖန်ဂေါ်လီလုံးလေးတွေကို ခုနက ဂေါက်သီးတွေနဲ့ ပြည့်နေတဲ့ ရေတကောင်းထဲ တစ်ဖြည်းဖြည်း ထပ်ထည့်နေတယ်။ တစ်ဖက်ကလည်း ရေတကောင်းကို ဖြည်းဖြည်းခြင်း လှုပ်ပေးနေတယ်။ ဒီလိုနဲ့ ဖန်ဂေါ်လီလုံးလေးတွေဟာ ဂေါက်သီးတွေရဲ့ကြား လွတ်နေတဲ့ နေရာတွေထဲ တစ်ဖြည်းဖြည်း ၀င်သွားတယ်။ နေရာလွတ်တွေအားလုံး ဖန်ဂေါ်လီတွေပြည့်သွားတဲ့ အခါမှာ ပါမောက္ခက သင်တန်းသားတွေကို ပြည့်ပြီလား လို့ ထပ်မေးပြန်ရော။ ဒီတစ်ခါလည်း အတန်းသားတွေက ပြည့်ပါပြီ လို့ ဖြေကြတယ်။

အဖြေရပြီးတဲ့ အခါမှာ ပါမောက္ခဟာ ဘာမပြောညာမပြောနဲ့ ခုနက ရေတကောင်းထဲကို သဲတွေ ထပ်ပြီး လောင်းထည့်နေပြန်တယ်။ ဂေါက်သီး နဲ့ ဖန်ဂေါ်လီတွေကြားထဲက လွတ်နေတဲ့ နေရာတွေ အားလုံး သဲတွေနဲ့ ပြည့်သွားတဲ့ အခါမှာ ပါမောက္ခက ဒီတစ်ခါရော ပြည့်ပြီးလားလို့ မေးလိုက်ပြန်တယ်။ သင်ထင်တဲ့အတိုင်းပဲ သင်တန်းသားတွေက ပြည့်ပါပြီလို့ ဖြေကြရပြန်တာပေါ့။

ဒီတစ်ခါတော့ ပါမောက္ခဟာ ဘီယာဘူး နှစ်ဘူးကို ဖွင့်ပြီး ရေတကောင်းထဲ လောင်းထည့်ပြန်ပါတယ်။ လောင်းထည့်ပြီးသွားတဲ့အခါမှာ ပါမောက္ခက သင်တန်းသားတွေဘက် လှည့်ကြည့်ရုံ ရှိသေးတယ်။ တစ်တန်းလုံးက ရီနေရင်း ပြည့်ပါပြီလို့ ၀ိုင်းအော်ကြတယ်။

တစ်တန်းလုံး ရီသံတွေ တိတ်သွားမှ ပါမောက္ခက ဒီလိုရှင်းပြပါတယ်။

ဒီရေတကောင်းဟာ မင်းတို့ရဲ့ ဘ၀တွေကို ကိုယ်စားပြုတယ်။ ဒီဂေါက်သီးဘောလုံးတွေဟာ မင်းတို့ရဲ့ဘ၀မှာ အရေးပါတဲ့ အစိတ်အပိုင်းတွေဖြစ်တဲ့ မင်းတို့ရဲ့ သားသမီးတွေ ၊ မိဘတွေ ၊ အဖိုးအဖွားတွေ ၊ ညီအစ်ကို မောင်နှမတွေ ၊ သူငယ်ချင်းတွေ နဲ့ ကျန်းမာရေးတို့ကို ကိုယ်စားပြုတယ်။ ဖန်ဂေါ်လီတွေက မင်းတို့ရဲ့ အလုပ် ၊ အိမ် ၊ ကားနဲ့ တစ်ခြားအရာတွေကို ကိုယ်စားပြုတယ်။ သဲတွေကတော့ မင်းတို့ရဲ့ ဘ၀မှာ အရေးမပါတဲ့ သာမန်ကိစ္စတွေလို့ ဆိုချင်တယ်။

အခုပဲကြည့် ရေတကောင်းထဲကို သဲတွေ ဒါမှမဟုတ် ဖန်ဂေါ်လီတွေ အပြည့်ထဲ့ထားရင် ဂေါက်သီးတွေ ထည့်လို့ရမလား ၊ မရဘူးမဟုတ်လား ။ ဒီလိုပဲ တကယ့် လက်တွေ့ဘ၀မှာလည်း မင်းတို့ရဲ့ စွမ်းအင်တွေ အချိန်တွေ အကုန်လုံးကို ဘာမှ အရေးမပါတဲ့ ကိစ္စတွေမှာ အသုံးချနေခဲ့လို့ရှိရင် အရေးကြီးတဲ့ အရာတွေအတွက် မကျန်တော့ဘူးဖြစ်နေလိမ့်မယ်။ ဒီတော့ ဘယ်အရာဟာ မင်းတို့အတွက် အရေးပါသလဲဆိုတာ ခွဲခြားသိမြင်နိုင်စွမ်းရှိကြပါ။ မင်းတို့ရဲ့ သားသမီးတွေကို ဂရုစိုက်ကြပါ။ မိဘတွေ ကိုအချိန်ပေး စောင့်ရှောက်ပါ။ အဖိုးအဖွားတွေဆီကို မကြာခဏ သွားလည်ကြပါ။ မင်းတို့ရဲ့ ကျန်းမာရေးကို မှန်မှန် စစ်ဆေးကြပါ။ သဲနဲ့တူတဲ့ အသေးအမွှား ကိစ္စတွေကို အချိန်ပိုမှ ဂရုစိုက်ကြပါ။ ဒီ ဖန်ဂေါ်လီ နဲ့ သဲတွေမရှိလည်း မင်းတို့ရဲ့ ဘ၀ဟာ ပြည့်စုံနိုင်တယ်ဆိုတာ အမှတ်ရကြပါ ဆိုပြီး စကားကို အဆုံးသတ်လိုက်တယ်။

ပါမောက္ခရဲ့ စကားအဆုံးမှာ ကျောင်းသားတစ်ယောက်က ထပြီး ဆရာကြီး ဘီယာကရော ဘာကိုဆိုလိုချင်တာလည်းလို့ မေးလိုက်တယ်။

ဒီအခါမှာ ပါမောက္ခက ပြုံးပြီး မင်းတို့မေးမှမေးပါ့မလားလို့ ငါစိုးရိမ်နေတာကွ ၊ မင်းတို့တွေရဲ့ဘ၀မှာ ဘယ်လောက်ဘဲ အလုပ်တွေများနေပါစေ သူငယ်ချင်းတွေနဲ့ ဘီယာနှစ်ခွက်လောက်တော့ ချဖို့အချိန်ပေးနိုင်တယ်ဆိုတာ ပြောပြချင်တာပါ တဲ့။

No comments:

Post a Comment