Saturday, December 5, 2009

8.8.8.8

8.8.8.8 or 8.8.4.4 ?

Google ကနေ့ အလကားပေးနေတဲ့ Google Public DNS server address ပါ။

DNS ဆိုတာ အလွယ်ပြောရရင် စာလုံးတွေနဲ့ ဖေါ်ပြတဲ့ ၀က်ဘ်ဆိုက် လိပ်စာတွေကို IP address လို့ခေါ်တဲ့ IP နံပါတ်တွေကို ပြောင်းပေးတာပါ။ ဒီလိုနည်းနဲ့ အင်တာနက် အသုံးပြုသူတွေဟာ ၀က်ဘက်ဆိုက် လိပ်စာတွေကို နံပါတ်တွေအစား မှတ်ရလွယ်တဲ့ စာလုံးတွေနဲ့ ဖေါ်ပြတဲ့ လိပ်စာတွေကို အသုံးပြုနိုင်ကြပါတယ်။

ဥပမာ http://www.facebook.com လို့ ရိုက်ထည့်လိုက်ရင် DNS ကနေ http://69.63.181.15/ ဆိုပြီးတော့ ပြောင်းပေးလိုက်တယ်။ 69.63.181.15 ပြောလိုက်ရင် ဘာမှန်းမသိပေမယ့် facebook လို့ဆိုလိုက်ရင် မှတ်လို့လည်းလွယ် ဘာဆိုက်မှန်းလည်း ချက်ခြင်းသိနိုင်ပါတယ်။

ပုံမှန်အားဖြင့်ဆိုရင် DNS service ကို အင်တာနက် အသုံးပြုခွင့်ပေးတဲ့ ကုပ္မဏီတွေကနေ အလိုအလျှောက် ပေးပါတယ်။

ဒါဆိုရင် ဘာဖြစ်လို့ Google Public DNS ကိုသုံးမှာလည်း။

Google ဟာ နေ့တိုင်းနေ့တိုင်း တစ်ကမ္ဘာလုံးက ၀က်ဆိုက်တွေကို download လုပ်နေရင်း ၀က်ဘ်ဆိုက်တွေရဲ့ လိပ်စာတွေကို နေ့တိုင်းစစ်ဆေးပြီးဖြစ်နေတယ်။ အဲဒီတော့ သူတို့စုစည်းပြီးဖြစ်တဲ့ အချက်အလက်တွေကို DNS အနေနဲ့ အသုံးချထားတာပါ။

ဒါကြောင့် Google Public DNS service ကို အသုံးပြုခြင်းအားဖြင့် ၀က်ဘ်ဆိုက်တွေ ကြည့်ရှုရာမှာ ပိုမြန်ပြီး လုံခြုံရေးလည်း ပိုကောင်းစေမယ်လို့ ဆိုပါတယ်။

Windows XP ကွန်ပြူတာစနစ်ကို အသုံးပြုသူတွေအနေနဲ့ Google Public DNS ကို အသုံးပြုချင်ရင် အောက်ဖေါ်ပြပါနည်းအတိုင်း ကွန်ပြူတာမှာ ပြောင်းလဲပေးရုံပါပဲ။

၁။ control panel ကိုသွားပါ။
၂။ Network and Connections ကိုဖွင့်ပါ။
၃။ Wireless connection ကို အသုံးပြုသူဆိုရင် အဲဒီ connection ကိုဖွင့်ပါ။
၎။ ပြီးရင် properties window ကိုဖွင့်ပါ။
၅။ General Tab ထဲက Internet Protocol (TCP/IP) ကို ရွေးပြီး properties ကို နှိပ်ပါ။
၆။ ပေါ်လာတဲ့ Properties window က general tab ထဲမှာ DNS setting ကိုတွေ့ရပါလိမ့်မယ်။
၇။ ပုံမှန်အားဖြင့် obtain dns server address automatically ကို ရွေးထားပါလိမ့်မယ်။
၈။ use following dns server address ကို ရွေးပါ။
၉။ prefer dns server နေရာမှာ 8.8.8.8 ကို ရိုက်ထည့်ပါ။
၁၀။ alternate dns server နေရာမှာ 8.8.4.4 ကိုရိုက်ထည့်ပါ။ ပြီးရင် OK ကိုနှိပ်လိုက်ရင်ရပါပြီ။