Showing posts with label news. Show all posts
Showing posts with label news. Show all posts

Friday, September 25, 2009

မြန်မာ ငွေစက္ကူ အသစ် ၅၀၀၀ တန် ထုတ်ဝေခြင်း

ယနေ့ စက်တင်ဘာလ ၂၄-ရက်နေ့ ည ၈-နာရီ မြန်မာ့အသံသတင်းကနေ ငွေစက္ကူ အသစ် ၅၀၀၀ တန်ကို အောက်တိုဘာလ ၁ ရက်နေ့မှ စတင်ပြီ ထုတ်ဝေသုံးစွဲမည့် သတင်းကို ထုတ်လွှင့်သွားပါတယ်။ ဒီ ၅၀၀၀ တန် ငွေစက္ကူ သတင်းဟာ လွန်ခဲ့တဲ့ နှစ်များအတွင်းမှာ ကောလဟာဟ အနေနဲ့ ပေါ်လာလိုက် ပြောက်သွားလိုက် နဲ့ ဖြစ်နေတာ ကြာခဲ့ပါပြီ။ အခု လူတွေ သိပ်ပြီး မထင်တဲ့ အချိန်မှာ ကြေငြာလိုက်ခြင်းနဲ့ ပြည်သူတွေ အငိုက်မိ အံ့အားသင့်သွားကြပါတယ်။
ပုံမှန်အားဖြင့် မြန်မာအစိုးရ အနေနဲ့ ငွေစက္ကူနဲ့ ပက်သက်တဲ့ သတင်းကြေငြာတိုင်း မြန်မာငွေ တန်ဖိုး ကျသွားလေ့ရှိပါတယ်။ ဒါကြောင့် မြန်မာအစိုးရ အနေနဲ့ ဒီ ၅၀၀၀ တန် အသစ်ကို ထုတ်ဝေဖို့ အချိန်ကို အတော်ချိန်ဆ ရွေးချယ်ထားပုံ ရပါတယ်။ ဂျူလိုင် ၊ သြဂုတ်လနဲ့ စက်တင်ဘာလတွေမှာ မြန်မာငွေတန်ဖိုး အားနည်းလေ့ ရှိတက်ပါတယ် ။ ဒါပေမယ့် ဒီနှစ်မှာတော့ မြန်မာငွေ တန်ဖိုးဟာ အတော်အသင့် မာနေတာကြောင့် ဒီသုံးလအပြီး အောက်တိုဘာလကနေ စတင်ထုတ်ဝေဖို့ ဆုံးဖြတ်ပုံ ရပါတယ်။
လက်ရှိ မြန်မာနိုင်ငံမှာ သုံးစွဲနေတဲ့ ငွေစက္ကူတွေထဲမှာ ၁၀၀၀ ကျပ်တန်ဟာ အကြီးဆုံး ငွေစက္ကူဖြစ်ပါတယ်။ ဒီ တစ်ထောင် ကျပ်တန်ဟာ ယခု မှောင်ခိုပေါက်ဈေး အမေရိကန်ဒေါ်လာ ၁ဒေါ်လာခန့်ပဲရှိပါတယ်။ ပြီးတော့ မြန်မာ ဘဏ်စနစ်တွေကလည်း သိပ်မကောင်းတော့ လူတွေက ငွေစက္ကူတွေ အထပ်လိုက် အထပ်လိုက် (တစ်ချို့ကိစ္စတွေမှာဆို ပီနံအိပ်နဲ့) ကိုပဲ ကိုင်တွယ် သုံးစွဲနေရတဲ့ အနေအထားမှာ ရှိပါတယ်။ ဒါကြောင့် ကျပ် ငါးထောင်တန်ဟာ ဈေးကွက်မှာ အမှန်တစ်ကယ် လိုအပ်နေပါတယ်။
မြန်မာကျပ်ငွေ နဲ့ နိုင်ငံခြားငွေ ဖလှယ်နှုန်းကို မှောင်ခိုဈေးကွက်ကနေပဲ သတ်မှတ် လဲလှယ်သုံးစွဲလာခဲ့ကြတာ နှစ်အတော်ကြာခဲ့ပါပြီ။ ဈေးကွက်စီးပွားရေးကို စတင်ကျင့်သုံးတဲ့ အချိန်ကစလို့ မြန်မာငွေ ဖလှယ်နှုန်းဟာ အမေရိကန် ၁ ဒေါ်လာ ကို ၅၀ ကျပ်နှုန်းခန့်ကနေ ၁၃၅၀ကျပ်ခန့် အထိ နှစ်ပေါင်းနှစဆယ်အတွင်းမှာ ကျဆင်းသွားခဲ့ပါတယ်။ ဒါပေမယ့် ဒီနှစ်အပိုင်းအခြား ကာလတွေမှာ မြန်မာငွေတန်ဖိုး အတော်တည်ငြိမ်ခဲ့တာ တွေ့ခဲ့ရပါတယ်။ ဒီနှစ်ဆန်းပိုင်းမှာဆိုရင် အမေရိကန် ၁ဒေါ်လာကို မြန်မာငွေ ၉၈၅ ထိ စံချိန်တင် ဖြစ်ခဲ့ပါတယ်။ အခု ကျပ် ငါးထောင်တန် ထုတ်ဝေခြင်းဖြင့် မြန်မာငွေ ဖလှယ်နှုန်းကို ဘယ်လိုသက်ရောက်မှု ရှိမလဲဆိုတာ စိတ်ဝင်စားစရာပါပဲ။
ကျပ်ငါးထောင်တန် ငွေစက္ကူအသစ်ရဲ့ ပုံသကျဏ္ဍန် နဲ့ အသေးစိတ်ကို ဒီမှာ ကြည့်နိုင်ပါတယ်။