Friday, September 22, 2023

 စတင်ခြင်း

ညီငယ်တစ်ယောက်ရဲ့ အိမ်ကို ခွေးကြည့် သွားဖြစ်တယ်။ သူ့ ‘ရော့ဝိုင်လာ’ တွေက လှတာကိုး။ ဈေးနှုန်းအရ တစ်ကောင်ကို ဆယ့်ငါးသိန်း၊ သိန်းနှစ်ဆယ်တန်းဆိုတော့ ဗမာပြည်မယ်တော့ အနည်းငယ် တန်းဝင်တယ် ဆိုလို့ရမယ်။ အဲဒီနေ့ကလည်း သူသဘောကျတဲ့ ဂျာမာန်မျိုးရိုး ရုပ်ထွက်ကောင်း အမလေးတစ်ကောင် ထပ်ဆွဲထားလို့ ကျွန်တော် သွားကြည့်ဖြစ်တာ။
“နင် ဟာ၊ နင့်ယောက်ျားက အားတိုင်း ဒီခွေးတွေချည်း ဝယ်နေတာ၊ မတားဘူးလား” လို့ ဟိုကောင် မသိအောင် သူ့မိန်းမကို တို့မီးရှို့မီး လုပ်ပေးလိုက်ပါသေးတယ်။ မနာလို ဖြစ်မိတာကိုး ခင်ဗျ။ “လင်မယားချင်း ရန်ဖြစ် နည်းလား” ဆိုတဲ့ စိတ်ရင်းနဲ့ရယ်ပါ။ အဲဒီမှာ သူ့မိန်းမက
“အို… မတားပါဘူး အစ်ကိုကလည်း။ သူက ခွေးချစ်ရင် ညီမလည်း ခွေးလိုက်ချစ်ပေးတာပဲ။ ညီမတို့ အဖေတုန်းကလည်း ကံဖြူဖက်မှာ လယ်ကွက်တွေဝယ်ပြီး နွားတွေ သွားမွေးခဲ့သေးတာပဲ။ အဖေ့ ဝါသနာပေါ့။ အခု သူ အိမ်မှာ ခွေးမလေးတွေ မွေးတာကို ညီမက သူနဲ့အတူချစ်မပေး၊ မကြည်ဖြူဘဲ ဇွတ်ဖျက်ရင်၊ အာရုံပျက်ပြီး အပြင်မှာ လူမလေးတွေ ညီမမသိအောင် မွေးစားတော့ အစ်ကိုတာဝန်ယူမလား ပြော။ အဲဒါကျ ချစ်ပေးဖို့ ခက်တယ်လေ” တဲ့။
ပြုံးရယ်ပြီး ခပ်နောက်နောက်လေး ပြောတဲ့ ခယ်မတော်ရဲ့ စကားဟာ ပညာပါတယ် ခင်ဗျ။ ကျွန်တော်တို့ ယောက်ျားတွေမှာ အသက်အရွယ်လေးတစ်ခု ရလာတဲ့အခါ စီးပွားရေးနဲ့ မဆိုင်တဲ့ ငယ်ဝါသနာလေးတစ်ခုစီ ပေါ်လာ လုပ်တတ်ကြပါတယ်။ တချို့လည်း ကား၊ ဆိုင်ကယ်။ တချို့လည်း ခွေးမွေးတာ၊ နွားမွေးတာ၊ မြင်းမွေးတာ စသဖြင့်ပေါ့။ ယောက်ျားတွေ ကြီးလာရင် သူတို့ ကစားတဲ့ အရုပ်တွေဟာလည်း လိုက်ကြီးသွားရော တဲ့။ စိတ်တည်ငြိမ်တဲ့ အိမ်ထောင်သည် ယောက်ျားတွေမှာ ရသေ့စိတ်ဖြေ ဝါသနာလေးတစ်ခုစီတော့ ရှိတတ်ကြပါတယ်။ အဲဒါတွေသာ အိမ်သူကြည်ဖြူ လုပ်ခွင့်ရနေရင် ယောက်ျားတွေဟာ ပျော်နေတတ်ကြပါရော။
အဲဒီ ဘဲလေးနဲ့ပဲ တစ်ရက်တော့ ဂျပန်စတိုင် ဘီယာဆိုင်တစ်ခုကို ရောက်ဖြစ်ကြပါတယ်။ ဂျပန်စတိုင်ဆိုတာက စားပွဲခုံအပုဘေးမှာ ကြမ်းခင်းပေါ် ဖင်ချထိုင်ရတဲ့ ဆိုင်မျိုးမို့ပါ။ ကျွန်တော်နဲ့သူထိုင်တဲ့ ဝိုင်းဘေးမှာ အသက် ၁၈၊ ၂၀ ပတ်ချာလည် ကောင်မလေး ကောင်လေးတစ်စု ၆ ယောက်လောက်ရှိပါမယ်။
“ခင်ဗျား သေချာကြည့်ဗျ ကိုအောင်မျိုး။ သူတို့ထဲမှာ သမီးရည်းစားဖြစ်နေတဲ့ အတွဲအစစ်က စားပွဲအစွန်ကနှစ်ယောက်ပဲ ပါတာ။ ကျန်တာ အခုမှ မသိတသိ အဆင့်တွေ။ မကြာခင် အဲဒါ အကုန် ရည်းစားတွေ ဖြစ်ကုန်တော့မှာ…” ဆိုတော့ ကျွန်တော့်စိတ်ထဲ နည်းနည်း နှမြောသွားမိတယ်။ ထိုဝိုင်းထဲက ကလေးမလေးတယောက်ရဲ့ ဥပဓိဟာ ကြည့်တာနဲ့ အမျိုးကောင်းသမီးလေးမှန်း ထင်ရှားသလို၊ နောက်တစ်ယောက်ဟာလည်း မိကောင်းဖခင် သမီးလေး ဖြစ်မှာပါပဲ။ ဒီလိုတွေ တွေးမိစေတာက သူတို့နဲ့အတူရှိနေတဲ့ ကောင်လေးအုပ်စုကိုတော့ ကျွန်တော်ရော ညီငယ်ပါ အပွေးမြင်တာနဲ့ အပင်ကိုကောင်းကောင်းရိပ်မိ သိနေကြလို့ပါ။
“အစ်ကို မယုံရင်ကြည့်နေ။ အဲဒီဝိုင်း ပိုက်ဆံရှင်းခါနီးရင် အစ်ကိုပြောတဲ့ ကောင်မလေးထဲကပဲ ထုတ်ရှင်းရလိမ့်မယ်။ ကျန်တဲ့သူတွေက အပေါ့သွားတာလိုလို၊ ပိုက်ဆံအိတ်ရှာတာလိုလို လုပ်နေကြမှာ” တဲ့။
သေချာတာပေါ့ ခင်ဗျာ။ လေဘေးကို ‘ဗင်းတေ့’ တို့ ‘သရစ်ဖ်’ တို့ဆိုကာ နာမည်ပြောင်းခေါ်ပြီး တန်ဖိုးကြီးဘရန်းတွေ ဝတ်ပြလေ့ရှိတတ်ကြတဲ့ ဒီကောင်လေးမျိုးတွေဟာ၊ သူငယ်ချင်းနဲ့ လက်ဖက်ရည်ဆိုင်ထိုင်ရင် ကိုယ်ပိုက်ဆံမရှင်းလိုက်ရတာကို ဘဝရဲ့အောင်မြင်မှုလို့ မှတ်ယူတတ်ကြတာမျိုးပါ။ ကျွန်တော် နားမလည်တာက ဒီကလေးမလေး နှစ်ယောက်ဟာ ဘာလို့ ဒီအဖွဲ့ထဲ ပါလာခဲ့ရတာလဲ ဆိုတာပါပဲ။
“ဟိုအတွဲထဲက ကောင်မလေးက တည်ကြက်ဗျ။ သူက ဒီကောင်တွေထဲက တစ်ယောက်နဲ့ ရည်းစားဖြစ်တော့၊ သူ့သူငယ်ချင်း ကိုယ့်သူငယ်ချင်း အဲဒီလို ခေါ်လာ ဆိုင်ထိုင်ကြတာ။ အဲဒါ သောက်ရင်းစားရင်း အချိန်တစ်ခုရလို့ ရင်းနှီးသွားရင်
ငါတို့ ဒီည သွား ‘ဟိုင်း’ ရအောင် ဆိုတာမျိုး စလာရော။ ‘ဟိုင်း’ ခန်းရောက်လို့ကတော့ မိကောင်းဖခင်သားသမီး၊ ဆွေကြီးမျိုးကြီးမကလို့ ဘာနေနေ အရွယ်ငယ်ရင် ပျက်ကရောပဲ။ သူတို့သုံးတဲ့ ‘ကေ’ တွေ ‘အီး’ တွေဆိုတာ အသေဈေးကြီးတာ အစ်ကိုရာ။ ကျွန်တော်တို့လို ဝင်ငွေရှိတဲ့သူတောင် တွန့်လောက်တဲ့ ဈေးတွေ။ မနေနိုင်လို့ တအားသုံးချင်စိတ်ဖြစ်တဲ့ အခြေမျိုးရောက်ရင် “My body, my choice” ဆိုတဲ့ feminist slogan ကလည်း ကျွန်တော်တို့ မြန်မာပြည်ထဲ တအားထိုးဖောက် ခေတ်စားလာနေတယ် မို့လား။ အဲဒါ
ဒီကောင်မျိုးလေးတွေနဲ့ ဖဲအတူရိုက်ဖြစ်လို့ အိုက်တဲ့အချိန် သူတို့အင်္ကျီချွတ်ရင် သတိထားကြည့်ကြည့်။ ရင်ဘတ်မှာ ညှင်းလိုလို၊ ဝဲလိုလို အရေပြားကွာတာလိုလို အဖတ်ဖတ် အကွက်လေးတွေနဲ့။ ခန္ဓာကိုယ်ကနေ သူတို့ ဖြတ်သန်းခဲ့ပုံ ဇာတိတွေပြနေတာ။ ဒါပေမယ့် ပါချီပါချက်တော့ မထင်နဲ့ဗျ။ များသောအားဖြင့်က သူတို့မိဘက ခင်ဗျားတို့ ကျွန်တော်တို့ထက် အများကြီးပိုက်ဆံရှိတယ်။ ပိုက်ဆံရှိတဲ့ အိမ်ထောင်ဦးစီး သူတို့အဖေတွေဆိုတာ ငပေါတွေ မဟုတ်ဘူး။ သူတို့သားသမီး ဘာလုပ်နေလဲ သိတယ်။ မနိုင်လို့ ဒီအတိုင်းလွှတ်ပေးထားတာ။
တချို့ကျ အစ်ကို စောစောက ပြောတဲ့ ‘ဗင်းတေ့’ တို့ ‘သရစ်ဖ်’ တို့ကို ‘ဘရန်း’ ဆိုပြီး ဂုဏ်လုပ်ဝတ်တဲ့ ဆင်ခြေဖုံးအလွှာက လူပေါ်ကြော့လေးတွေ။ ဒီ လယ်ဘယ်ကို စောစောက ကျွန်တော်ပြောပြတဲ့ လယ်ဘယ်က ကောင်တွေက ‘ဂဒက်’ လို့ ခေါ်တယ်။ တပည့် ပေါ့ဗျာ။ အချဉ် ပေါ့ဗျာ။ သာဝက လေးတွေပေါ့။
သူတို့ချင်းပေါင်းပြီး ကောင်မလေး အသစ်ရှာကြတာ။ စကားရိုင်းသွားမလားပဲ အစ်ကိုရာ။ နှစ်သီးစား ပေါ့။ ရည်းစားလည်း ဖြစ်မယ်၊ အခု ပါလာတဲ့ ကောင်မလေးတွေကြည့်ရတာ ပိုက်ဆံရှိ သားသမီးလည်း ဖြစ်မယ်လေ”
“အဲဒီလိုကြီး အဖြစ်တွေကို ဘယ်သူမှ မတားကြဘူးလားကွာ။ ဥပမာ- ရိပ်မိအောင် ဟောပြောတာတို့၊ ကျယ်ကျယ်ပြန့်ပြန့် ပညာပေး ရေးသားတာတို့ သိတဲ့မြင်တဲ့ လူတွေက မလုပ်ကြတော့ဘူးလား”
“အများအတိုင်းအတာအထိ လက်ခံအောင်ကျ ဘယ်ရေချိန်နဲ့ လုပ်မှာလဲ အစ်ကိုရ။ ကျွန်တော်တို့ မြန်မာပြည်ရဲ့ ဒီနယ်ပယ် လူမှုဆက်ဆံရေး ရေချိန်က ‘တုန်နေအောင် အချစ်ခံချင်တယ်’ ဆိုတာမှာ ဆုံးတယ်။ ပြီးတော့ အမျိုးသမီးငယ်လေးတွေဟာ အညွှန်းမပါဘဲ ဈေးဝယ်တတ် ‘ခဲ’ ကြတယ်။ သူတို့လေးတွေရဲ့ ‘အိုက်ဒေါ’ ခေါ်တဲ့ လွှမ်းမိုးသူ အမျိုးသမီးဆိုတာတွေကိုကြည့်လိုက် ‘အိမ်ထောင်မကျ’ ‘အိမ်ထောင်ပျက်’ တွေ များတယ်။ အိမ်ထောင်မကျတာ သူတို့ရွေးထားတဲ့ ပုဂ္ဂိုလ်ရေး၊ အိမ်ထောင်ပျက်တာ သူတို့ရင်ဆိုင်ရတဲ့ ကံကြမ္မာမို့ အပြည့်အဝ နားလည်ပေးတယ်နော်။ ကျွန်တော် ဒါတွေနဲ့ပတ်သက်ပြီး ဘာမှ မဝေဖန်လိုဘူး။ ဒါပေမယ့် ခုနစ်ရက်သားသမီးကို သူတို့ခံခဲ့ဖူးတဲ့ သူတို့ရဲ့ ခံစားချက်ဆိုးတွေ ချပြပြီး…
ဆိုပါတော့ အစ်ကိုရာ၊ နားလည်လွယ်ပြီး နည်းနည်းခံသာမယ့် ဥပမာလေးနဲ့ ပြောပြမယ်။
‘ယောက်ျားတွေများ မရခင်ကတော့ မြင့်မိုရ်တောင်ကို‌ ရွှေ့ပေးရမလား၊ ဓူဝံကြယ်ကို ဆွတ်ပေးရမလားနဲ့ ရလည်း ရပြီးရော လမ်းထိပ်က အီကြာကွေးတောင် ဝယ်မပေးချင်တော့ဘူး’ ဆိုတဲ့စကားမျိုး။ အဲဒါကို ဟာသပြောတာ ဆိုပြီး ဆင်ခြေပေးလည်း ‘တုန်နေအောင် အချစ်ခံချင်’ တဲ့ လယ်ဘယ်တွေမှာ နောက်ကွယ်က ရင်ထဲ မကျေနပ်တဲ့ ခံစားချက်ကြီးပါတာ အထင်းသား မြင်နေရတယ်။
ယောက်ျားတွေ မကောင်းဘူး ပြောရအောင်ကလည်း အစ်ကိုရာ အိမ်တွေ အိမ်တွေ မိသားစုပေါင်း များစွာကို ဆိုင်ရာပုခုံးနဲ့ထမ်းပြီး သားနဲ့သမီးတွေကို ပညာတတ်ကြီးတွေ ဖြစ်စေခဲ့တဲ့ အဖေတွေမှန်သမျှ ယောက်ျားချည်းပါ။
ခဏက ဘေးဝိုင်းမှာ မြင်လိုက်ရတဲ့ အလေနတ်တောမျိုးလေးတွေဟာတော့ သေချာပေါက် ဆိုးတာပေါ့။ သူတို့အကြောင်း သူ့တို့အကျင့် တကယ်သိရင် ဘယ်မိန်းခလေးမျိုးမဆို ရွံမုန်းမိကြမှာ ပဲ။ နို့ပေတဲ့ သူတို့လို ကောင်တွေရယ်၊ မိန်းမတစ်လိုင်း အကြိုက်စွဲတဲ့ကောင်တွေရယ်ဟာ တုန်နေအောင် ချစ်ပြတတ်ကြတယ်။ ချစ်ပြနိုင်မှာပေါ့။ အားနေတာကိုး။ ဒါပဲ စိတ်သန်တာကိုး။ ထားပါတော့ အစ်ကိုဆို သူတို့ အရွယ်က ဘာလုပ်နေခဲ့ရလဲ။ ဘယ်အလုပ်ထဲမှာ ဘာတွေ တာဝန်ယူလုပ်ကိုင်ပေးနေခဲ့ရလဲ။ သေချာတာတော့ သူတို့လောက် မအားဘူး။ လေ့လာမှု အာရုံထဲမှာလဲ ‘မိန်းမ’ ဆိုတာထက် အလုပ်ကိုပဲ ပိုမဲသာရမယ့် အခြေအနေမျိုးဆိုတော့ ‘မိန်းမ’ အထာမနပ်ဘူး။ မကျွမ်းဘူး။
ကျွန်တော်တို့ ဗမာပြည်က မိန်းခလေးများဆိုသည်မှာလည်း ဆေးလိပ်ထဲ ဘာဓာတ်ပစ္စည်းတွေပါလို့ ဘယ်နေရာအတွက် ဘာရောဂါဖြစ်စေမှန်းသာ သေချာမသိတာ ရှိမယ်၊ ကိုယ့်ကောင်လေးရယ်လို့ ဖြစ်လာရင် ဆေးလိပ်ဖြတ်ခိုင်းရတာနဲ့၊ အရက်သောက်လာမိရင် ပြဿနာရှာရတာနဲ့။ ဘာရည်ရွယ်ချက်လဲဆိုတော့ တကယ်တော့ ဘာမှ မဟုတ်ဘူး။ အဲဒါ ဟင်းချိုမှုန့်တွေ အများကြီးပါတဲ့ သူတို့စားနေကျ အသုပ်စုံတို့ ဝက်သားတုတ်ထိုးတို့ကို ဖြတ်ခိုင်းကြည့်ရင် အဖြေပေါ်တယ်။ ဆိုတော့ကာ ပြဿနာနဲ့ နိုင်ရတာကို သည်းခြေကြိုက်တာလို့ ပြောရမလားပဲ အစ်ကိုရေ့။
ဒီနေရာမှာ ဟိုကောင်တွေက သာတယ်။ အထာနပ်တယ်။ သာမန် ယောက်ျားတွေ စိတ်ဖိအားပြေ ဆေးလိပ်ဖွာတာ၊ တစ်ခါတလေ အရက်သောက်တာမျိုးနဲ့ ချစ်သူရဲ့ ‘မလုပ်ရ’ ပညတ်တော်ပေါင်း များစွာအကြားမှာ စိတ်တွေညစ်၊ ဗျာများနေကြမယ့် အချိန်မှာ သူတို့က လှလှပပ လှည့်ကစားသွားနိုင်တယ်။ ဆိုတော့ကျ ‘တုန်နေအောင် အချစ်ခံရတယ်’ ဆိုပြီး ဂုဏ်ဆာအပြခံရတဲ့အထိ ဖြစ်ကြရော။ အဲ… အဲဒီကောင်တွေ သူတို့လိုချင်တာရလို့ ငြီးငွေ့ ခွာချပစ်လိုက်တဲ့ အချိန်ရောက်ပြီဆိုရင်ကျ မြင့်မိုရ်တောင်တို့ ဓူဝံကြယ်တို့ လမ်းထိပ်က အီကြာကွေးတို့တွေနဲ့ သူတို့ကြုံဖူးတဲ့ကောင်တွေနဲ့ နှိုင်းပြီး ကိုယ်တွေပါရော အပြောခံရပြန်ရောဗျာ။
တကယ်တော့ မိန်းခလေးတွေဟာ သူတို့ကို လာကြိုက်တဲ့ကောင်လေးတွေကို ပြန်ချစ်ဖို့ တွေးတဲ့အခါ အဲဒီကောင် ဘာအလုပ်လုပ်လဲ။ တစ်ကိုယ်ကောင်းဆန်တဲ့ MLM သမားလား။ ငါ့စကားနွားရ ပွဲစားမျိုးလား။ ကောင်းရောင်းကောင်းဝယ်လား။ သူဟာ သူ့အလုပ်အပေါ် တကယ် လေးလေးစားစားရော ရှိရဲ့လား။ အဲဒါမျိုးကြည့်သင့်တာ။ အခုကျ အလုပ်ပူလို့ ရည်းစားမွေးနေ့မေ့ရင် ကိုယ်တွေဟာ မသိတတ်တဲ့ ‘ခေါင်လိုကွေး’ ဖြစ်ကရော။ အဟီး။ ပြီးတော့ စိတ်နေစိတ်ထား ဘာညာဆိုတာလည်း လတ်တလော ကိုယ့်အပေါ် ဘယ်လို ဂရုစိုက်တာ၊ တုန်နေအောင် ချစ်တာ ဘာညာနဲ့ သုံးသပ်ရတာမဟုတ်ဘူးဗျ။ ဈေးပေးကြည့်နေတုန်းတော့ အရာရာဟာ သာယာတတ်တာပဲ။ တကယ်ကျ သူ့လက်အောက်ငယ်သား၊ သူ့မိတ်ဆွေ အပေါင်းအသင်းအပေါ်မှာ သူဘယ်လို ညှာညှာတာတာ၊ ချစ်ချစ်ခင်ခင် ရှိသလဲ ဆိုတာနဲ့ စံထိုးကြည့်ရမှာ။ ထားပါတော့ဗျာ။ ဒါတွေထက် အခုဖြစ်နေတာကျ
ကြော်ငြာကောင်းရာ ပါတတ်တဲ့ သဘောဖြစ်နေတယ်။ ‘ဗင်းတေ့’ကောင်၊ ‘သရစ်ဖ်’ ကောင်​ပေါက်စတွေက ကြော်ငြာလိုပဲ။ အဝင်အထွက်ရဲတယ်။ ကြော်ငြာဟာ ဘယ်လောက်ရှုပ်တယ်ပဲ ပြောပြော လူ့သဘောက ဈေးဝယ်ရင် ကိုယ်အကြော်ငြာခံရလို့ အမြင်ထဲရင်းနှီးရာပဲ လွယ်လွယ်ရွေးမိတတ်ကြတာ။ ကျွန်တော် ပြောပါတယ်။ မြန်မာပြည်က အမျိုးသမီးငယ်လေးတွေဟာ အညွှန်းမပါဘဲ ဈေးဝယ်တတ် ‘ခဲ’ ကြတယ်လို့။ သူတို့ကို ညွှန်းပေးတဲ့ လွှမ်းမိုးသူ အိုက်ဒေါ အမျိုးသမီးတွေက ဘာပြောသလဲဆို ‘တုန်နေအောင် ချစ်တတ်သူသာ ရိုမန့်တစ်’ ဆိုတာမျိုး။ တကယ်ကျ အစ်ကိုရာ ခင်ဗျားအဖေ၊ ကျွန်တော့်အဖေ အိမ်တွေ အိမ်တွေက အဖေကောင်းတွေမှန်သမျှ အကုန်လိုက်ကြည့်ကြည့်၊ အနည်းနဲ့ အများတော့ သူ့နည်းသူဟန်နဲ့ ‘ဂွ’ကျ တဲ့ ညာဉ်လေးတွေ ရှိစမြဲပဲ။ အဲဒါ ယောက်ျား ပင်ကိုယ်စရိုက်ပဲ။
ကျွန်တော့် ရည်းစားဦး ကောင်မလေးဆို သူ့သူငယ်ချင်းက ကျွန်တော့်ကို သဘောမကျလို့ ဆိုပြီး ကျွန်တော်နဲ့ပြတ်ခဲ့ကြတာ။
ခင်ဗျားကလည်း အဲဒီလိုကြီးတော့ မပြုံးနဲ့လေဗျာ။ ကျွန်တော် ပြောချင်တာက ကောင်မလေးတွေဟာ သူတို့ဘေးက သူငယ်ချင်း အဆွယ်ကောင်းရင် ပါတတ်တဲ့ သဘော။ အခုလည်း ကြည့်။ ဟိုအတွဲထဲက ကောင်မလေးကြောင့် နောက်ကောင်မလေးနှစ်ယောက် ဗင်းတေ့ကောင်၊ သရစ်ဖ်ကောင်တွေနဲ့ အဖွဲ့ဖြစ်ပြီ။ မကြာခင် သူတို့တွေ ရိုမန့်တစ်ကြပြီးရင် သေချာပေါက် အဖွဲ့ထဲက ပိုက်ဆံရှိတဲ့ ကောင်မလေးတစ်ယောက်တော့ လည်ပင်းအစ် မှာပဲ။
ကျွန်တော့်မိန်းမရဲ့ တူမတစ်ယောက်ဆို တော်တော်လိမ္မာတယ် ဆိုရမယ်။ သူ့အိမ်စီးပွားရေးလည်းကူ၊ အိမ်ကလည်း စိတ်ချလို့ ငွေကို အတိုင်းအတာတစ်ခုအထိ ပေးကိုင်ထားတယ်။ အဲဒါ အိမ်ခြံမြေ ဝယ်ရောင်းလေးလည်း သူနိုင်သလောက်လုပ်နေတာ။ ဘာကြာလဲ သောက်သုံးမကျတဲ့ကောင်နဲ့ ဖြစ်တော့ ‘ရည်းစားပေးငွေ ကြက်သောက်ရေ’ ဖြစ်ကရော။ အခုထိလည်း သူ့ကောင်လေးသူ အပြစ်တော့ မမြင်နိုင်ရှာသေးဘူး။ ကောင်မလေးတွေက အဲဒီလိုပဲ။ အခြေအနေတစ်ခု ရောက်သွားရင် အစွဲအလမ်းကြီးတယ်။ ဆင်ကန်းတောတိုး။ ဟို မအေပေးမျိုးတွေကလည်း အဲဒီလို ကိစ္စမှာ ပါးနပ်တယ်။ ဒါပေမယ့် ကောင်မလေးရဲ့ သည်းခံနိုင်ရည်ကို ကျော်သွားတဲ့ အခြေအနေတစ်ခုကို ရောက်သွားတာပဲ ဖြစ်ဖြစ်၊ ဟိုကောင်က ပိုပြီးစိမ်းလန်းတဲ့ စားကျက်မြေကို တွေ့သွားတာပဲ ဖြစ်ဖြစ် ဖြစ်ကြပြီဆိုရင်တော့
ဟီးဟီး
ခင်ဗျားသိလား ကိုအောင်မျိုး။ သူတို့တွေပြောတာ ယောက်ျားတွေ မကောင်းဘူး တဲ့ဗျ။ ခွီး တဲ့မှ။”
“အေးပါ ခွာ။ မင်းပြောတာ ငါနားလည်ပါတယ်။ တကယ်ဆို ကောင်မလေးတွေဟာ ဟို ‘ဗင်းတေ့’၊ ‘သရစ်ဖ်’ ဖြစ်ပြီးရော ဘရန်းကောင် ပေါက်စနမျိုးတွေထက်စာရင် မင်းတို့ ငါတို့လို ဂွတီးဂွကျဘဲကြီးတွေကိုပဲ ကြွေသင့်တယ် ဆိုတဲ့အကြောင်း”
“အာ… မသာကြီး။ မနောက်နဲ့ဗျာ။ ခင်ဗျား သတိမထားမိတာ တစ်ခု ပြောပြမယ်။ အခု ကျွန်တော့် ‘ရော့ဝိုင်လာ’ လေးတွေကို တွေ့ကရာခွေးနဲ့ ပေးစားမလား မေးရင် အသိဉာဏ်အရရော နှလုံးသားအရပါ လုံးဝမရဘူး ပဲ အဖြေထွက်တယ်။
မျိုးရိုးဟာ အရေးကြီးတယ်ဗျ။ မျိုးဆက်ဟာ ကိုယ့်အနောက်မှာ မြင့်လာဖို့လိုတယ်။ ရော့ဝိုင်လာတွေမှာလည်း အဲလိုပဲ။ အမျိုးကောင်း သမီးငယ်လေးတွေ စောစောကလို စားဝိုင်းသောက်ဝိုင်း ရှင်းခါနီးမှာ အိမ်သာတက်တာလိုလို၊ ပိုက်ဆံအိတ်ရှာတာလိုလို ‘အတိတ်မေ့၊ ရွှေပျောက်’ စိတ်ဓာတ်နဲ့ လူပုံရုပ်ထွက် ငမျောက်ငခြောက်မျိုးတွေနဲ့ ရင်းနီးပတ်သက်နေတာတွေ့ရင်၊ …
ဟေ့လူ… မရယ်နဲ့ဗျ။ ကျွန်တော်နဲ့ မရလို့ ဆိုတာမျိုးနဲ့ မဆိုင်ဘူး။ သူတို့လေးတွေအတွက် အင်မတန်နှမြောမိတယ်”
“အဲဒီတစ်ခုတော့ မင်းနဲ့ငါ ခံစားချက်တူတယ်ဟေ့။ ယောက်ျားဟာ အနည်းဆုံးတော့ ယောက်ျားစိတ်ရှိတဲ့ ယောက်ျားတော့ ဖြစ်ရမယ်ပေါ့”
“ဒါပေမယ့် မိန်းခလေးတွေဟာ ယောက်ျားညာဉ်ကို အပြန်အလှန် နားလည်ဖို့ထက် သူ့တို့အကြောင်းကိုသိ၊ သူတို့အကြိုက်ကိုလိုက်ပြီး သူတို့ကိုပဲ နားလည်ပေးနေတာမျိုး အလိုရှိတတ်ကြတယ်။ ဥပမာဗျာ။ လွဲနေတဲ့ လော့ဂျစ်တစ်ခု ကျွန်တော် ထောက်ပြမယ်။ အစ်ကို မိန်းခလေးတစ်ယောက်ကို ချစ်လို့ ကြိုက်လို့ ရဖို့ ကြိုးစားတဲ့အခါ လွယ်တာ ကြိုက်လား၊ ခက်တာ ကြိုက်လား…”
(အား… မအေပေးလေး။ ဒုက္ခပေးပုံများ ဝတ္ထုထဲမှာတောင် ကိုယ့်ကို ဖြေရခက်၊ အကျပ်ရိုက်အောင် မေးတယ်။ ရေးလက်စနဲ့ မထူးပါဘူး။ ဆက်ချရတော့မှာပဲ။ အဟီး)
“ရိုးရိုးသားသား ပြောရရင် တအားခက်ရင် မကြိုက်ဘူးကွ”
“ရက်စ်။ အဲဒါ ယောက်ျားတွေရဲ့ ပင်ကိုယ်စရိုက် အမှန်ပဲ။ ခက်ခဲလွန်းတာကို ကြိုက်တာ ပရော်ဖက်ရှင်နယ်တွေပဲ ရှိတယ်။ ပရော်ဖက်ရှင်နယ်ဆိုတာ သိတယ်မို့လား။ ဒါမျိုးနဲ့ လုပ်စားနေတဲ့ကောင်ကို ပြောတာ။ မရ ရအောင် လိုက်ပြလိုက်မယ်ကွာ ဆိုတာမျိုး ပညာသည် မာနလေးနဲ့။
သာမန်ယောက်ျားကျ တအားတွေ ခက်အောင် ကိုယ့်ကိုဇွတ်ခွာချနေရင် ငါ့မကြိုက်လို့ပဲ နေမှာပါလေဆိုကာ အားနာလို့ ဇွတ်ကြီးမကပ်တော့ဘူး။ အဲဒီလိုနဲ့ သာမန်လူတွေ ခွာသွားပြီး တမင်ခက်အောင် လုပ်ထားတဲ့ ကောင်မလေးအနားမှာ ပရော်ဖက်ရှင်နယ်တွေချည်း ကျန်ခဲ့တဲ့အခါ မရခင်အထိက သူ့အကြိုက်အတိုင်း အိုခေ,
ရပြီးရင် ‘မြင့်မိုရ်တောင် တို့ ဓူဝံကြယ်တို့ လမ်းထိပ်က အီကြာကွေးတို့’ သံသရာဟာ တစ်ပတ်လည်တော့တာပဲ။
ဘာလို့လဲဆို အမျိုးသမီးတော်တော်များများရဲ့ လော့ဂျစ်မှာ ယောက်ျားတွေဟာ လွယ်လွယ်ရရင် တန်ဖိုးမထားဘူး ထင်တတ်ကြတာ။ အဲဒီမှာ ကိုယ့်အနားရောက်လာသူအပေါ် ကိုယ်က တကယ်လည်း မေတ္တာသက်နေပါလျက်နဲ့ မခက်ခက်အောင် စာမေးပွဲ အမှတ်ပေးစည်းမျဉ်းကို မြှင့်လိုက်ကြတယ်။ ဆေးလိပ်ဖြတ်မှ။ အရက်ဖြတ်မှ။ ဆေးလိပ် အရက် ဆိုတာက ဥပမာ ပေးတာ အစ်ကိုရာ။ အခြားဟာတွေလည်း ရှိမယ်။ ဥပမာ- အလုပ်ထဲက ကိုယ့်လုပ်ဖော်ကိုင်ဖက် ကောင်မလေးနဲ့ ဇွတ်သဝန်တိုပြီး သူ့ကိုတကယ်ချစ်ရင် ဟိုကောင်မလေးနဲ့ ဆက်မပေါင်းရဘူး ဆိုတာမျိုးလည်း ရှိမယ်။ ဒီအခြေအနေမှာ ဟိုကောင်က ကောင်မလေးကိုလည်း ချစ်တော့ လိုချင်၊ ဆေးလိပ်လည်း ကြိုက်၊ အရက်လည်း မဖြတ်နိုင်မှာ- ဒုက္ခတွေရောက်။
နို့ပေတဲ့ နောက်တစ်မျိုးအနေနဲ့ - ကြိုက်လွန်းတော့ ဘေးဖယ်မသွားဘဲ ဇွတ်တိုးလာမိတဲ့ အခြေအနေမျိုး ဆိုပါတော့။ အဲဒီမှာ သမီးရည်းစား ဖြစ်ပြီးကြတဲ့အထိ ‘တမင်လုပ်’ အမှတ်ပေးစည်းမျဉ်းကြီးကို ကောင်မလေးက မသိမ်းပေးတဲ့အခါ
ဟိုကောင် တွေးလာတာ၊ ဒါလောက်ကြီးအထိတော့ ရေရှည် ငါမရလောက်ဘူး။ ငါအရည်အချင်း မပြည့်လောက်ဘူးဆိုပြီး ပြေးကရော။ ပြေးတော့ နောက်ကောင်တွေပါ ခွေး ဖြစ်ကရောဗျ။ ဟီးဟီး။ ယောက်ျားတွေလောက် နားပူတာနဲ့ စိတ်ဒုက္ခရောက်မှာကို ကြောက်တာ ယောက်ျားတွေပဲ ရှိတာ အစ်ကိုရာ။
ခင်ဗျားလည်း နားလည်ပါတယ်။ သံယောဇဉ်တို့ အချစ်တို့ဆိုတာ နှစ်ယောက်အတူ ရှိကြတဲ့ ကမ္ဘာလေးထဲမှာမှ တစ်ယောက်ကိုတစ်ယောက် ပေးတဲ့၊ ရတဲ့ နားလည်မှုတွေကြောင့် တစ်ရစ်ချင်း တစ်ပင်ချင်း တွယ်လာတတ်ကြတာမျိုး။ တကယ်သာ အဲလိုဆို ဘယ်ကောင်မှ ရုန်းတောင် မထွက်ချင်ဘူးရယ်”
“ဒီနေရာမယ် ငါ့ခယ်မလေးဟာတော့ တော်တယ် ပြောရမယ်”
“ဟေ့လူ ပါစင်နယ်တွေ မပါနဲ့။ ဒီနေ့မှ သူနဲ့ရန်ဖြစ်ပြီး စိတ်ညစ်လို့ ခင်ဗျားနဲ့ လာသောက်တာနော်။ ခွီး တဲ့မှ…”
“ဟ… တကယ်ပြောတာကွ။ မင်းမွေးထားတဲ့ ခွေးတွေ သူတကယ်ချစ်တယ် ထင်လို့လား။ အိမ်မှာ ခွေးမလေးတွေ မမွေးရရင် သူမသိအောင် အပြင်မှာလူမလေးတွေ မွေးစားမှာ ကြောက်လို့တဲ့မောင်” ဆိုတော့ ကိုယ့်ကောင်ဟာ ကြောင်သွားတယ်။
ခဏနေတော့ သူ့မိန်းမသူ သိပ်ချစ်လာလို့လား၊ ဘာလို့လား မသိ၊ မူးတူး မူးတူး ငေါင်းစင်း ငေါင်းစင်းနဲ့ မျက်လုံးသူငယ်အိမ် အောက်စိုက်ပြီး အိမ်ပြန်သွားလေရဲ့။ သူတို့နှစ်ယောက် ရန်ထပ်ဖြစ်ကြရင်တော့ ကျွန်တော့် ရည်ရွယ်ချက် ပြည့်တာပဲ။ အောင်မြင်ပြည့်စုံတဲ့ အိမ်ထောင်သည်ဘဝဆိုတာ ခဏခဏ ရန်ဖြစ်ရမယ်လေဗျာ။ ကျွန်တော်က ဒါကြောင့် ညီငယ်လေးကို ပါရမီဖြည့်ပေးနေတာ။ ရန်ဖြစ်ကြ သတ်ကြ အော်ကြ ဟစ်ကြခြင်းသည်လည်း အိမ်ထောင်သိတံ အိမ်ထောင်သည်တို့ ဘဝမှာ၊ ဧတံမင်္ဂလ မုတ္တမံ၊ မင်္ဂလာတစ်ပါးပင် ဖြစ်ခြေတော့သည် တမုံ့ မဟုတ်ပါလား ခင်ဗျား။
အောင်မျိုးသူလွင်
၂၄၊၁၂၊၂၂
စနေ
Go easy on me
လူတွေဟာ ချစ်ရင်သာ “ကောင်းလိုက်တာ၊ တော်လိုက်တာ၊ အဆင်ပြေလိုက်တာ” ဆိုတာမျိုး စိတ်ထဲရှိ တတ်ကြတဲ့ ‘မနောကံမေတ္တာ’ လောက်၊ ရံခါ အဲဒါကို ထုတ်ပြောပေးတတ်တဲ့ ‘ဝစီကံမေတ္တာ’ မျိုးလောက်အထိသာ ပေးတတ်ကြပေမယ့်၊ အမြင်ကတ်ရင် မုန်းသွားရင်ကျ တကယ့်ဘဝမှာပါ ဒုက္ခရောက်အောင် ကုန်းစကားလေးတွေ၊ လုပ်ရပ်လေးတွေနဲ့ ‘တတ်နိုင်သလောက် စောင့်ရှောက်’ ပေးတတ်ကြပါသဗျ။ တကယ်တော့ အဲဒီလောက် အထူကြီးထိတောင် မလိုပါဘူး။ ကျွန်တော့်လို စာရေးတဲ့နှလုံးသားမျိုးအတွက် စကားလေးတစ်လုံး၊ အပြုအမူသေးသေးလေးတစ်ကွက်ကတောင် တစ်ပတ်စာလောက် နာကျင်ဖို့ လုံလောက်ပါတယ်။ ဒါနဲ့တောင် လူကြိုက်မများနိုင်တဲ့ တချို့စာတွေ ကျွန်တော် ဘာကြောင့်ရေးသလဲဆို
ပြင်ဦးလွင်က ကျွန်တော်ချစ်ရတဲ့ ကိုဘဂျမ်းကြီး ပြောသလိုပါပဲ။ ကိုဘဂျမ်းကြီးက “ဘာမှ ချောက်မှန်း ကမ်းမှန်း မသိတတ်ခင်တုန်းကတော့ ပေါကားတွေကြည့်၊ ဟီးဟီးဟားဟား ဝူးဝူးဝါးဝါးတွေ ဖြစ်ခဲ့ပြီး၊ နောင် ခရီးထွက်ရတဲ့ အရွယ်ရောက်လာတော့ ကားပေါ်မှာ ဗမာကားတွေ ထိုးပြပြီဆို ကိုယ့်စိတ်ထဲ ရှေ့ကလူကို ရှက်တာလိုလို နောက်ကလူကိုပဲ ရှက်မိတာလိုလိုတွေဖြစ်ပြီး ခေါင်းကြီးငုံ့၊ လက်ထဲကိုင်ထားတဲ့ သားရေကွင်းကို ဟိုဘက်ဒီဘက် ဆွဲဆွဲဆန့်နေမိတော့တာပါပဲ...” တဲ့။ အဲဒီလို ခံစားချက်မျိုးကို လူတိုင်းကိုယ်ချင်းစာနိုင်မယ် မရည်ပေမယ့် ကျွန်တော်တော့ ကောင်းကောင်းကြီး နားလည်တယ် ခင်ဗျ။
နောက်ပြီး ကျွန်တော်လေးစားရတဲ့ မိတ်ဆွေ ကိုဝဏ္ဏမျိုးမြင့် ပြောဖူးတဲ့ ပုံပြင်လေးလည်း ရှိတယ်။ အများသူငါ သွားလာနေကြတဲ့ မြို့လယ်ကောင်ဈေးကြီးမှာ အရူးထီးနဲ့ အရူးမ၊ သတ္တဝါဘာဝ စိတ်မထိန်းနိုင်ကြဘဲ တုံးလုံးကြီးချွတ် သံဝါသပြုကြသတဲ့။ အဲဒီတော့ ဘေးနားမှာရှိတဲ့ ပတ်ဝန်းကျင်က လူတွေဟာ အမြင်မတော်ဘူးဟဲ့ ဆိုတဲ့ စိတ်ကလေးနဲ့ ဘေးကနေ ယိုင်ပတ်တွေကာကာ အရှက်လုံအောင် လုပ်ပေးလိုက်ကြပါသတဲ့။ အရူးနဲ့ အရူးမက မသိလို့ ဟိုစိတ်မူးပြီး တစ်ခဏမှာအရှက်လွတ်သွားတာ မှန်ပေမယ့်၊ ကောင်းနေတဲ့လူတွေက ဒါကို အများသူငါ မြင်စရာ မဖြစ်အောင် ထိန်းပေးကြရပါသတဲ့။ အခု ကျွန်တော်တို့ လက်ရှိ လူမှုကွန်ယက်တွေပေါ်မှာ အဲဒီ အရူးနဲ့ အရူးမ လူကြားထဲသံဝါသ ပြုကြသလို ကိစ္စတွေမှ အများကြီးပဲ။ မွှန်တုန်း ကျွံတုန်း ဖြစ်ကြတဲ့ လူ့သဘာဝကိစ္စတွေကို ဈေးလယ်ကောင်ကြီး ဟိုနင်းပြုသလို လူမှုကွန်ယက်ပေါ် စိတ်လိုက်မာန်ပါ တင်တဲ့သူတွေကလည်း တင်တယ်။ ပတ်ဝန်းကျင်ကလည်း ယိုင်ပတ်နဲ့ ကာပေးတတ်တဲ့ စိတ်မျိုး ထားတဲ့အကျင့် မရှိကြတော့ဘဲ၊ ဖျာတွေခင်းပြီး အဲဒီ အပေါ် စိတ်ပျော်စရာတစ်ခုလို like ကြ၊ Share ကြ၊ လှောင်ကြ၊ ပွဲခံ ကြည့်ကြတော့တာ။ အဲဒါလို မြိန်ရည်ယှက်ရည် ပတ်ဝန်းကျင်ကြီးဟာ ရှက်စရာကောင်းတယ်တဲ့။
ဆိုတော့ ကျွန်တော်အခု ရေးလိုက်တဲ့ တတိယပိုဒ်ဆိုရင် တိုက်ဆိုင်မှုရှိပြီး နည်းနည်း အမြင်ကတ်ခံရနိုင်တာ သိပါတယ်။ ဒါပေမယ့် ကိုယ့်ပတ်ဝန်းကျင်ကြီး ဒီလိုဖြစ်နေတာကို ခရီးသွားဘတ်စ်ကားပေါ်မှာ ဗမာကားအပြခံရတဲ့ ကိုဘဂျမ်းကြီးလိုပဲ ကျွန်တော် နည်းနည်းတော့ ဘာကိုမှန်းမသိ ရှက်တဲ့စိတ်ဖြစ်သဗျ။ လက်ထဲက သားရေကွင်းကို ဆွဲဆွဲဆန့်မိသဗျ။ ဒီတော့လည်း ရေးမိတယ်၊ ပြောမိတယ်။ အသိပေးမိတယ်။ ခေါင်းလောင်းထိုးမိတယ် ပေါ့ခင်ဗျာ။ အသံကြားပြီး အိပ်ရေးပျက်သူတချို့ကလည်း ဆဲကြပါတယ်။ တချို့လည်း ပထမပိုဒ်မှာ ကျွန်တော် ပြောခဲ့သလို “တတ်နိုင်သလောက် စောက်ရှောက်ပေး” ကြတယ်ပေါ့။ 😀
ကျွန်တော့်ရဲ့ လူကြိုက်မများတဲ့ အယူအဆများနဲ့ပတ်သက်ပြီး ဥပမာတစ်ခု စပြောပြပါရစေ။
တစ်နေ့က အစ်ကိုကြီးတစ်ယောက်နဲ့ ဘီယာဆိုင်ထိုင်တော့ ဆိုင်ထဲဝင်ပြီး ပန်းရောင်းတဲ့ ကလေးတချို့ရှိတယ်။ စံပယ်ပန်းကုံးလေးတွေ ဆယ်ကုံးလောက် လက်ထဲကိုင်ထားတယ်။ အားပေးပါဦး။ တစ်နေကုန် မရောင်းရသေးလို့ပါ တဲ့။ လက်ထဲက ပန်းကုံးတွေကိုဇွတ်ထိုးပေးပြီး တစ်ထောင်ပဲ အစ်ကိုကြီးတဲ့။ အစ်ကိုကြီးက လာရောင်းသူဟာ ကလေးလေးမို့ သနားတာလည်း ပါမယ်၊ ကလေးက ဇွတ်တွေလုပ်နေတော့ စကားကောင်းကောင်း ပြောခွင့်မရလို့ နားအေးပြီးရော ဆိုတာမျိုးလည်းပါမယ်၊ တစ်ထောင်ပေးပြီး ဝယ်လိုက်တော့
ပိုက်ဆံလက်ထဲ ရောက်သွားချိန် သူ့လက်ထဲ ကိုင်ထားတဲ့ ပန်းကုံးထဲက တစ်ဝက်ပဲ ပေးသဗျ။ အဲဒါ သူတို့လေးတွေရဲ့ အကွက်ပဲ။ တစ်ဖက်လူရဲ့ အထာကို ကောင်းကောင်းညက်တယ်။ အကုန်လုံးကို ထိုးပေးပြီး တစ်ထောင်ဆိုကာ ပြောထားပေမယ့် ဘီယာလာသောက်တဲ့လူ ပန်းဝယ်တယ်ဆိုတာ ပန်းကိုလိုချင်လို့ မဟုတ်မှန်း ကောင်းကောင်းသိတာပေါ့။ ဒါကြောင့် တစ်ဝက်ပဲပေးလည်း ဘာမှမဖြစ်ဘူး။ ပြီးတော့ သူထွက်သွားတယ်။ ခဏနေ အစ်ကိုကြီးရဲ့ သားငယ်လေး ရောက်လာတယ်။ ဘီယာသောက်ခွင့်ရတဲ့ အရွယ် လူငယ်ချောချောလေးပေါ့။ စောစောက ပန်းရောင်းတဲ့ကလေး ရောက်လာပြန်ရော။ စောစောကလိုပဲ ပန်းတွေထိုးရောင်းပြန်ရော။ ဒီတစ်ခါတော့ ဈေးကတက်သွားတယ် နှစ်ထောင်ကျပ်ပါတဲ့။
“ဟေ့ကောင်လေး၊ မင်းဟာက မလွန်ဘူးလားကွာ။ ငါတို့ ဒီမှာ စကားပြောနေတာ။ စောစောကလည်း ဝယ်ပြီးပြီလေ” လို့ ကျွန်တော်ပြောနေတုန်းမှာပဲ နောက်ရောက်လာသူ ညီငယ်ချောလေးက ပိုက်ဆံနှစ်ထောင် ဆွဲထုတ်ပြီးသား ဖြစ်နေပါပြီ။ ကျွန်တော်က အစ်ကိုကြီးကို လှမ်းကြည့်လိုက်မိတော့ အစ်ကိုကြီးက
“ရော့ သားသား၊ မုန့်ဖိုး တစ်ထောင် ထပ်ယူသွား။ ပန်းတော့ ထပ်မယူတော့ဘူး။ ဦးတို့စကားပြောဦးမယ်နော်” လို့ ချော့လွှတ်တယ်။
စိတ်ရင်းကောင်းတဲ့ အစ်ကိုကြီးသား မျက်နှာချောချောလေး ပိုင်ရှင် ညီလေးငယ်က အဲဒါကို လုံးဝ လက်မခံပါဘူး။ သူ့ဖလော်ဆော်ဖီက
“မဟုတ်ဘူး အဖေ။ ကလေးကို မုန့်ဖိုး မပေးရဘူး။ သူ့လုပ်အားခနဲ့ တန်တာကို‌ပေးရမယ်။ ညီလေးရဲ့ပန်းကို အစ်ကိုဝယ်မယ်၊ မုန့်ဖိုးမဟုတ်ဘူးနော်။ ရော့ ပိုက်ဆံနှစ်ထောင်” တဲ့။
မောင်အောင်မျိုးတို့ “ဂိန်” လို့ ခွေးအိုကြီးခဲမှန်သလို အကျယ်ကြီး စိတ်ထဲက အော်ညည်းမိပါရောလား။ ကိုယ်တွေက အခုလေးပဲ “ဟေ့ကောင်လေး မင်းမလွန်ဘူးလား၊ ဘာညာ” စိတ်ထဲမတွေ့တာ ပြောချထားမိတာလေ။ အဲသာ ဘယ်သူ မှားသလဲဆို ဘယ်သူမှ မမှားပါဘူး ခင်ည။
ကျွန်တော်က မန္တလေး အောင်မြေသာစံ သားပါ။ အဲဒီ ပန်းရောင်းတဲ့ကလေးတွေရဲ့ မေမေတွေ ကျုံးဘေးက သစ်ပင်ရိပ်မှာ သူတို့ကလေးတွေ ပန်းရောင်းနေချိန် အဝေးက တစ်ယောက်ခေါင်းတစ်ယောက် သန်းရှာရင်း ကြီးကြပ်ပေးနေတာ ကောင်းကောင်းသိပါတယ်။ လူတွေရဲ့ ခံစားချက်ကို ခုတုံးလုပ်ပြီး အကျိုးအမြတ်ရှာတဲ့ ကိစ္စတစ်ခုကို ပြောရ၊ ရေးရတာ အင်မတန် ထိလွယ်ရှလွယ် ဖြစ်ပါတယ်။ ဆိုရမှာဖြင့် စကားလုံးလေးတွေက ‘ကလေး’တို့ ‘ပန်းကုံး’ တို့။ အင်မတန် ထိလွယ်ရှလွယ် ဖြစ်ပါကော။ အဲဒါ လူအထင်ကြီးအောင် ဗိုလ်လို စပိ ရရင် ဒီ ‘အစ်ရှူး’ ကို အမှန်အတိုင်း လူတွေ ‘ကွန်ဗင့်’ ဖြစ်လာအောင် ကျွန်တော် ဘယ်လို ‘ပရယ်စန့်’ လုပ်မလဲပေါ့။ အဟီး။
နောက်ပြီး ကူညီတယ် ဆိုတဲ့ ကိစ္စတစ်ခု ထပ်ပြောပြပါဦးမယ်။ ဖြစ်ရပ်က ခြောက်နှစ်လောက် ကြာခဲ့ပါပြီ။ ဟိုး မန္တလေးမြို့သစ်က ခေါင်ခေါင်ခဲခဲ အလုပ်သမား လက်လုပ်လက်စား ရပ်ကွက်တွေထဲမှာ လမ်းဘေး ထမင်းဆိုင်လေးတွေ လေးငါးဆိုင်ရှိတယ်။ ဆိုင်စားရသလို၊ ဟင်းချည်း၊ ထမင်းဖြူချည်းလည်း ဝယ်လို့ရတယ်။ ဈေးကလည်း အဲဒီက လူတန်းစား တတ်နိုင်တဲ့ ဈေးပဲမို့ တစ်နေကုန် ဆိုင်ရာ အလုပ်တွေသွား၊ ချက်ချိန်ပြုတ်ချိန် မရကြတဲ့သူတွေမို့ အလုပ် ပြန်လာတော့ အဲဒီဆိုင်လေးတွေမှာ သင့်သလို ဝယ်စားကြ။ ရောင်းတဲ့ဆိုင်တွေဆိုတာလည်း အသားငါး အသီးအရွက်ကို အများဈေးနဲ့ဝယ်ပြီး ချက်ရောင်းလို့သာ အမြတ်ရယ်လို့ မိသားစုနေ့တွက်သာသာ ကျန်ကြတာ၊ တကယ့်တကယ် နင်လား ငါလား မြတ်ကြတာ မဟုတ်။ တအားအမြတ်ကြီးစားရင်လည်း အဲဒီရပ်ကွက် လူတန်းစားက ဝယ်မစားနိုင်ဘူး။ သူ့အရပ်နဲ့ သူ့ဇာတ်တော့ တော်တော်လေးကို အဆင်ပြေတယ်။ သို့သော် ထမင်းဟင်း အရည်အသွေးတော့ ကောင်းလှတယ် မဆိုနိုင်ဘူးပေါ့။
အဲဒီလို ထမင်း ဟင်း ကွာလတီကို မြို့ပေါ်မှာနေတဲ့ စေတနာ့ရှင်ကြီးတစ်ယောက်က မြင်သွားပြီး ဤလူတန်းစားအား ယခုထက် လျော့သောဈေးနှုန်း၊ ယခင်ထက်ကောင်းသော အရသာမျိုးဖြင့် ချက်ရောင်းပေးရသော် မကောင်းလောဟု သူ့ကိုယ်သူ မေးတယ်။ “အို... ကောင်းတာပ ငါ့ရှင်” လို့ သူ့ဟာသူ ကောက်ချက်ချတယ်။ “ကောင်းရင် ချကွာ” ဆိုပြီး ကိုယ်တိုင်ပဲ ထောက်ခံအားပေးပြီး ‘မလှူတတ်ဈေးရောင်း’ ပရဟိတ ပရောဂျက်လေးတစ်ခု လူမှုကွန်ယက်ကနေ စလိုက်တယ်။ ဆန်၊ ဆီ၊ ဆား၊ ဟင်းသီးဟင်းရွက် ကအစ စေတနာရှိသူ လူအများက ဝိုင်းလှူပေးကြပါတယ်။ ပြီးတော့ အဲဒီ ရပ်ကွက်လေးတွေမှာ ကားကြီးနဲ့ ထမင်းဟင်းတွေ ဈေးချိုချိုနဲ့ လှည့်ရောင်း ပေါ့။ ဒါကောင်းပါတယ်။ အပြစ်ပြောဖို့ မရှိပါဘူး။ သို့သော် အလှူနဲ့တူတဲ့ဈေးရောင်း ကို ကိုယ့်အရင်းနဲ့ကိုယ်ရပ်တည်ရရှာတဲ့ စောစောက လမ်းဘေးထမင်းဆိုင်လေးတွေ မယှဉ်နိုင်ကြရှာတော့ပါဘူး။ ထမင်းဟင်းဆိုတာ ချက်ပြီး မရောင်းရရင် လွှင့်ပစ်ရတာ။ တစ်ပတ်ကနေ တစ်လ။ တစ်လကနေ ကိုးသီတင်း ဆိုတော့ အရင်းပြုတ်ပြီး တဖြုတ်ဖြုတ်လစ်ကုန်ကရော။ မိုးမင်းကြီးက လူအများအေးစေဖို့ ရွာချလိုက်တာမှာ ပုရွက်ဆိတ်လေးတွေ တွင်းပိတ်သေတာ၊ ဒါလည်း အပြစ်ပြောဖို့ ခက်ပါတယ်။ ဒါပေမယ့် ခင်ဗျာ ဘယ်သူက ကြာကြာလှူနိုင်မှာတဲ့လဲ။ ဘာမှ မကြာခင် အဲဒီကိစ္စကို ဘယ်သူမှ စိတ်မဝင်စားတော့တဲ့ အချိန် အလှူငွေမရ၊ အကုန်လုံး ကမောက်ကမတွေ ဖြစ်ကုန်ရောဗျ။ ကျွန်တော်ပြောတာ သဘောပေါက်မလား မသိဘူး။ အဲဒီရပ်ကွက်မှာ နဂိုခံအခြေစိတ်ဓာတ်လေးတွေ ပျက်ကျန်ခဲ့တာပဲ အဖတ်တင်ပါတယ်။
ကျွန်တော့်ငယ်ဘဝကြီးပြင်းရာဌာနေဆိုရင် ဧရာဝတီမြစ်ကမ်းဘေး ရွာကလေး။ နှစ်တိုင်း ဝါဆိုဝါခေါင်ဆို ရေတွေကြီးတယ်။ မှတ်မှတ်ရရ မြန်မာပြည်မှာ ရေဘေးတွေဘာတွေဖြစ်တော့ ဘယ်က ဘယ်လိုရောက်လာမှန်း မသိတဲ့ အလှူရှင်တွေနဲ့ ချိတ်ပြီး ရွာထဲက လက်ကြောမတင်းတဲ့ငပျင်းတွေ သွားအကူခံကြတာကို ကျွန်တော်တို့ ရွာခံတော်တော်များများ ရှက်ခဲ့ကြဖူးတာ မှတ်မိပါတယ်။ လူကြီးတွေမျက်စိမျက်နှာ ပျက်ပျက်နဲ့ ဆိုကြတာ ငါတို့ ရွာ နာမည်ပျက်တယ် တဲ့။ ဟုတ်တာပေါ့။ တစ်ခါမှ ရေမတက်ဖူးတဲ့ နေရာမှာ ရေတက်ရင်သာ ဘေးဖြစ်တာလေ။ ကျွန်တော်တို့က လယ် နဲ့ ကိုင်းနဲ့ အင်းနဲ့ ချောင်းနဲ့ လုပ်စားလာခဲ့ကြတဲ့ နှစ်သက်ပတိ ကြာခဲ့လှပြီ။ ဘာမှ မသိတဲ့သူက ကြည့်ရင်တော့ ရွာပေါ်ရေတက်နေတာပေါ့။ သို့သော် ဒုက္ခမရောက်ပါဘူး။ ကျွန်တော်တို့မှာ လှေနဲ့ လှည်းနဲ့။ ပုတ်နဲ့ ပဲနဲ့။ ဓနိနဲ့ ငါးပိနဲ့။ မြို့ကြီးပြကြီးလောက် ပိုက်ဆံမကြွယ်ဝသော်ငြား ကိုယ့်စိတ်ကိုယ်မာန်နဲ့ အလုပ်တွေလုပ်ပြီး နှစ်တိုင်း ဆိုင်းနဲ့ဗုံနဲ့ အလှူကြီးတွေပေးတဲ့ အမျိုးခင်ဗျ။
ဆိုတော့ကျ အဲဒါမျိုးလေးတွေဟာ လူအများသဘောပေါက်အောင် အရေးခက်ပါသဗျာ။ လူတွေဟာ ကိုယ့်မျက်စိနဲ့ မြင်တာလေးမှာတင် ချစ် ခင် သနား ခံစားချက်တွေများပြီး ဆုံးဖြတ်တတ်ကြတာ။ တိရိစ္ဆာန်လေးတွေကိုချစ်တယ်။ အပင်လေးတွေကို မြတ်နိုးတယ် ဆိုတာ ကောင်းပါတယ်။ ဒါပေမယ့် နေရာအခန်း ခပ်ကျဉ်းကျဉ်းလေးတွေကို မျှသုံးကြရတဲ့ အများပိုင် အဆောက်အအုံ လူနေတိုက်ခန်း စသည်ရဲ့ အများဆိုင်လျှောက်လမ်းတွေမှာ၊ အများပိုင်နေရာ ကွက်လပ်တွေမှာ၊ ကိုယ့်အခန်း ဥပစာနေရာရှေ့ သစ်ပင်ပန်းမန်ပေါင်းစုံ အိုးတွေနဲ့ချစိုက်ပြီး ရေတစက်စက် ရွှံ့တပေပေနဲ့ လုပ်ထားတတ်တဲ့ သစ်ပင်ချစ်သူတွေရဲ့ ရင်ထဲက အတ္တစိတ်ကြီးဟာ မြင်တတ်သူအဖို့ ပြူးပြောင်နေတာပါပဲ။ သို့သော် သစ်ပင်ချစ်တယ် ဆိုတဲ့ အများအမြင် နူးညံ့တဲ့အရိပ်အောက်က သူတို့ကို ကျွန်တော်တို့ဟာ အပြစ်စကားလေးပြောဖို့တောင် ထိလွယ်ရှလွယ် ဖြစ်ပါတယ်။ ဒါ့ထက် ပိုပြီးနည်းနည်းလောက် အရဲစွန့် ဆိုရရင်- ဆန်လေးနည်းနည်းချက်ပြီး ထမင်းကိုဟင်းကြွင်းဟင်းကျန်နဲ့ သို့မဟုတ် အသားတိုငါးစလေးတွေ ဝယ်ချက်လို့ နယ်ဖတ်ကာ လမ်းပေါ်မှာ ခွေးစာလိုက်ကျွေးတဲ့ အဖွဲ့မျိုးတွေပေါ့။ (ဒီနေရာမှာ ဂေဟာလုပ်ပြီး စောင့်ရှောက်ထားသူတွေကို မဆိုလိုပါ။ ကျွန်တော့်မှာ ခွေးကြီးမျိုးလေးကောင်တောင် ရှိလို့ ခွေးကို တကယ်တမ်း ဘယ်လိုကျွေးမွေးစောင့်ရှောက် ဆေးကုပေးရလဲ၊ ဘယ်လောက်တာဝန်ကြီးလဲ ကောင်းကောင်းသိပါတယ်။) ဘာဖြစ်သလဲဆို ခွေးဆိုတဲ့အမျိုးက အစာကျွေးတဲ့ သူကို ချစ်သဗျ။ သစ္စာရှိသဗျ။ အဲ... သူ့အတွင်း ဗီဇ သဘာဝလေးမှာကျလည်း ရန်လုပ်ချင်တဲ့ သဘော ရှိပြန်ရော။ ခွေးကြောက်တတ်တဲ့လူကိုဆို ပိုဆိုးပါတယ်။ ခွေးဟာ လူတစ်ယောက်ကို မြင်တာနဲ့ အဲဒီလူ စိတ်ထဲက သူ့ကို ကြောက်တဲ့ဓာတ်ကို သိတတ်ပြီး၊ ကြောက်သူကို ပိုလို့ ဒုက္ခပေးတတ်ပါတယ်။ ဒီတော့ ကိုယ်က ကုသိုလ်ကံကောင်းလို့ ကားလေးတဝီဝီနဲ့ သွားနိုင်နေတဲ့ လူတန်းစားမှာ မသိသာပေမယ့် ရပ်ကွက်ထဲက အများသူငါမှာ - အိုဗျာ… ဒီနေရာလေးမှာပဲ ဒီကိစ္စပြောလက်စကို ကျွန်တော် ဘရိတ် ဖမ်းပါရစေတော့။ အဟီး။
တကယ်ဆိုရင် ဘယ်လိုမှ ရောင်းမကုန်တော့မယ့် ဖရဲသီးစိတ်လေးတွေကို ဘတ်စ်ကားပေါ်မှာ ရုံးကပြန်လာတဲ့ ကောင်မလေးလှလှအား
“မမကို ချစ်လို့ကျွေးတာ” ဆိုကာ ပြောပြီးအလကားပေးလို့၊ မုန့်ဖိုးတွေရသွားတဲ့ ဒရာမာအကွက်မျိုးတွေ ဒီနိုင်ငံက ကြိုက်မှန်းကျွန်တော်သိပါတယ်။ နို့ပေတဲ့ ကျွန်တော်က အဲဒီလိုကြီး ရေစုန်လိုက်ပြီး မရေးလိုဘူးဗျ။ ရေဆန်ဖြစ်ခါမှ ဖြစ်စေ- ဖြစ်သင့်ဖြစ်ထိုက်တာလေး ရေးပြလိုက်ရရင် ကိုယ့်စာဖတ်သူ (အရေအတွက်နည်းနည်းလေးပဲ ဆိုစေ) အပေါ် တာဝန်ကျေတယ်လို့ ခံစားကျေနပ်တတ်တဲ့ စိတ်အခံမျိုးလည်း ရှိပြန်ရော။ ဒီတော့လည်း မောင်အောင်မျိုးလေးမှာ လူကြိုက်မများမယ့် စာလေးတွေ ထရေးလိုက်၊ အဆော်ခံရပြီး ငြိမ်သွားလိုက်ရနဲ့ ဂျာအေးကို သူ့မာမီရိုက်တဲ့ ကဗျာလေးလိုပါပဲ။
စာရေးတဲ့လက်ဆိုတာ ကီးဘုတ်ပဲ ကိုင်တာပါဗျာ။ ကိုအောင်မျိုးစာလေးတွေ ဖတ်ကြပါ။ တအားကောင်းတယ် ခင်ညာ။ (အဟီး။ ဒါက ကြော်ငြာ။) ဒီလိုမှ လက်မခံနိုင်ရင်လည်း ကျွန်တော့်ကို မျက်ရည်ကျအောင် ခဏခဏလုပ်ဖူးတဲ့ ချစ်အင်္ဂလန်သူကြီး အဒဲ (Adele) ပြောဖူးသလို
“I had no time to choose
What I chose to do
So, go easy on me baby”
သက်သက်ညှာညှာလေး တော့ လုပ်ကြပါလို့။ 😁
မေတ္တာဗရပွဖြင့်-
အောင်မျိုးသူလွင်
၁၄၊၀၉၊၂၀၂၃
ကြာသပတေး
Original Link https://www.facebook.com/Aungmyothulwinartist/posts/6731181813596665