Friday, September 22, 2023

Go easy on me
လူတွေဟာ ချစ်ရင်သာ “ကောင်းလိုက်တာ၊ တော်လိုက်တာ၊ အဆင်ပြေလိုက်တာ” ဆိုတာမျိုး စိတ်ထဲရှိ တတ်ကြတဲ့ ‘မနောကံမေတ္တာ’ လောက်၊ ရံခါ အဲဒါကို ထုတ်ပြောပေးတတ်တဲ့ ‘ဝစီကံမေတ္တာ’ မျိုးလောက်အထိသာ ပေးတတ်ကြပေမယ့်၊ အမြင်ကတ်ရင် မုန်းသွားရင်ကျ တကယ့်ဘဝမှာပါ ဒုက္ခရောက်အောင် ကုန်းစကားလေးတွေ၊ လုပ်ရပ်လေးတွေနဲ့ ‘တတ်နိုင်သလောက် စောင့်ရှောက်’ ပေးတတ်ကြပါသဗျ။ တကယ်တော့ အဲဒီလောက် အထူကြီးထိတောင် မလိုပါဘူး။ ကျွန်တော့်လို စာရေးတဲ့နှလုံးသားမျိုးအတွက် စကားလေးတစ်လုံး၊ အပြုအမူသေးသေးလေးတစ်ကွက်ကတောင် တစ်ပတ်စာလောက် နာကျင်ဖို့ လုံလောက်ပါတယ်။ ဒါနဲ့တောင် လူကြိုက်မများနိုင်တဲ့ တချို့စာတွေ ကျွန်တော် ဘာကြောင့်ရေးသလဲဆို
ပြင်ဦးလွင်က ကျွန်တော်ချစ်ရတဲ့ ကိုဘဂျမ်းကြီး ပြောသလိုပါပဲ။ ကိုဘဂျမ်းကြီးက “ဘာမှ ချောက်မှန်း ကမ်းမှန်း မသိတတ်ခင်တုန်းကတော့ ပေါကားတွေကြည့်၊ ဟီးဟီးဟားဟား ဝူးဝူးဝါးဝါးတွေ ဖြစ်ခဲ့ပြီး၊ နောင် ခရီးထွက်ရတဲ့ အရွယ်ရောက်လာတော့ ကားပေါ်မှာ ဗမာကားတွေ ထိုးပြပြီဆို ကိုယ့်စိတ်ထဲ ရှေ့ကလူကို ရှက်တာလိုလို နောက်ကလူကိုပဲ ရှက်မိတာလိုလိုတွေဖြစ်ပြီး ခေါင်းကြီးငုံ့၊ လက်ထဲကိုင်ထားတဲ့ သားရေကွင်းကို ဟိုဘက်ဒီဘက် ဆွဲဆွဲဆန့်နေမိတော့တာပါပဲ...” တဲ့။ အဲဒီလို ခံစားချက်မျိုးကို လူတိုင်းကိုယ်ချင်းစာနိုင်မယ် မရည်ပေမယ့် ကျွန်တော်တော့ ကောင်းကောင်းကြီး နားလည်တယ် ခင်ဗျ။
နောက်ပြီး ကျွန်တော်လေးစားရတဲ့ မိတ်ဆွေ ကိုဝဏ္ဏမျိုးမြင့် ပြောဖူးတဲ့ ပုံပြင်လေးလည်း ရှိတယ်။ အများသူငါ သွားလာနေကြတဲ့ မြို့လယ်ကောင်ဈေးကြီးမှာ အရူးထီးနဲ့ အရူးမ၊ သတ္တဝါဘာဝ စိတ်မထိန်းနိုင်ကြဘဲ တုံးလုံးကြီးချွတ် သံဝါသပြုကြသတဲ့။ အဲဒီတော့ ဘေးနားမှာရှိတဲ့ ပတ်ဝန်းကျင်က လူတွေဟာ အမြင်မတော်ဘူးဟဲ့ ဆိုတဲ့ စိတ်ကလေးနဲ့ ဘေးကနေ ယိုင်ပတ်တွေကာကာ အရှက်လုံအောင် လုပ်ပေးလိုက်ကြပါသတဲ့။ အရူးနဲ့ အရူးမက မသိလို့ ဟိုစိတ်မူးပြီး တစ်ခဏမှာအရှက်လွတ်သွားတာ မှန်ပေမယ့်၊ ကောင်းနေတဲ့လူတွေက ဒါကို အများသူငါ မြင်စရာ မဖြစ်အောင် ထိန်းပေးကြရပါသတဲ့။ အခု ကျွန်တော်တို့ လက်ရှိ လူမှုကွန်ယက်တွေပေါ်မှာ အဲဒီ အရူးနဲ့ အရူးမ လူကြားထဲသံဝါသ ပြုကြသလို ကိစ္စတွေမှ အများကြီးပဲ။ မွှန်တုန်း ကျွံတုန်း ဖြစ်ကြတဲ့ လူ့သဘာဝကိစ္စတွေကို ဈေးလယ်ကောင်ကြီး ဟိုနင်းပြုသလို လူမှုကွန်ယက်ပေါ် စိတ်လိုက်မာန်ပါ တင်တဲ့သူတွေကလည်း တင်တယ်။ ပတ်ဝန်းကျင်ကလည်း ယိုင်ပတ်နဲ့ ကာပေးတတ်တဲ့ စိတ်မျိုး ထားတဲ့အကျင့် မရှိကြတော့ဘဲ၊ ဖျာတွေခင်းပြီး အဲဒီ အပေါ် စိတ်ပျော်စရာတစ်ခုလို like ကြ၊ Share ကြ၊ လှောင်ကြ၊ ပွဲခံ ကြည့်ကြတော့တာ။ အဲဒါလို မြိန်ရည်ယှက်ရည် ပတ်ဝန်းကျင်ကြီးဟာ ရှက်စရာကောင်းတယ်တဲ့။
ဆိုတော့ ကျွန်တော်အခု ရေးလိုက်တဲ့ တတိယပိုဒ်ဆိုရင် တိုက်ဆိုင်မှုရှိပြီး နည်းနည်း အမြင်ကတ်ခံရနိုင်တာ သိပါတယ်။ ဒါပေမယ့် ကိုယ့်ပတ်ဝန်းကျင်ကြီး ဒီလိုဖြစ်နေတာကို ခရီးသွားဘတ်စ်ကားပေါ်မှာ ဗမာကားအပြခံရတဲ့ ကိုဘဂျမ်းကြီးလိုပဲ ကျွန်တော် နည်းနည်းတော့ ဘာကိုမှန်းမသိ ရှက်တဲ့စိတ်ဖြစ်သဗျ။ လက်ထဲက သားရေကွင်းကို ဆွဲဆွဲဆန့်မိသဗျ။ ဒီတော့လည်း ရေးမိတယ်၊ ပြောမိတယ်။ အသိပေးမိတယ်။ ခေါင်းလောင်းထိုးမိတယ် ပေါ့ခင်ဗျာ။ အသံကြားပြီး အိပ်ရေးပျက်သူတချို့ကလည်း ဆဲကြပါတယ်။ တချို့လည်း ပထမပိုဒ်မှာ ကျွန်တော် ပြောခဲ့သလို “တတ်နိုင်သလောက် စောက်ရှောက်ပေး” ကြတယ်ပေါ့။ 😀
ကျွန်တော့်ရဲ့ လူကြိုက်မများတဲ့ အယူအဆများနဲ့ပတ်သက်ပြီး ဥပမာတစ်ခု စပြောပြပါရစေ။
တစ်နေ့က အစ်ကိုကြီးတစ်ယောက်နဲ့ ဘီယာဆိုင်ထိုင်တော့ ဆိုင်ထဲဝင်ပြီး ပန်းရောင်းတဲ့ ကလေးတချို့ရှိတယ်။ စံပယ်ပန်းကုံးလေးတွေ ဆယ်ကုံးလောက် လက်ထဲကိုင်ထားတယ်။ အားပေးပါဦး။ တစ်နေကုန် မရောင်းရသေးလို့ပါ တဲ့။ လက်ထဲက ပန်းကုံးတွေကိုဇွတ်ထိုးပေးပြီး တစ်ထောင်ပဲ အစ်ကိုကြီးတဲ့။ အစ်ကိုကြီးက လာရောင်းသူဟာ ကလေးလေးမို့ သနားတာလည်း ပါမယ်၊ ကလေးက ဇွတ်တွေလုပ်နေတော့ စကားကောင်းကောင်း ပြောခွင့်မရလို့ နားအေးပြီးရော ဆိုတာမျိုးလည်းပါမယ်၊ တစ်ထောင်ပေးပြီး ဝယ်လိုက်တော့
ပိုက်ဆံလက်ထဲ ရောက်သွားချိန် သူ့လက်ထဲ ကိုင်ထားတဲ့ ပန်းကုံးထဲက တစ်ဝက်ပဲ ပေးသဗျ။ အဲဒါ သူတို့လေးတွေရဲ့ အကွက်ပဲ။ တစ်ဖက်လူရဲ့ အထာကို ကောင်းကောင်းညက်တယ်။ အကုန်လုံးကို ထိုးပေးပြီး တစ်ထောင်ဆိုကာ ပြောထားပေမယ့် ဘီယာလာသောက်တဲ့လူ ပန်းဝယ်တယ်ဆိုတာ ပန်းကိုလိုချင်လို့ မဟုတ်မှန်း ကောင်းကောင်းသိတာပေါ့။ ဒါကြောင့် တစ်ဝက်ပဲပေးလည်း ဘာမှမဖြစ်ဘူး။ ပြီးတော့ သူထွက်သွားတယ်။ ခဏနေ အစ်ကိုကြီးရဲ့ သားငယ်လေး ရောက်လာတယ်။ ဘီယာသောက်ခွင့်ရတဲ့ အရွယ် လူငယ်ချောချောလေးပေါ့။ စောစောက ပန်းရောင်းတဲ့ကလေး ရောက်လာပြန်ရော။ စောစောကလိုပဲ ပန်းတွေထိုးရောင်းပြန်ရော။ ဒီတစ်ခါတော့ ဈေးကတက်သွားတယ် နှစ်ထောင်ကျပ်ပါတဲ့။
“ဟေ့ကောင်လေး၊ မင်းဟာက မလွန်ဘူးလားကွာ။ ငါတို့ ဒီမှာ စကားပြောနေတာ။ စောစောကလည်း ဝယ်ပြီးပြီလေ” လို့ ကျွန်တော်ပြောနေတုန်းမှာပဲ နောက်ရောက်လာသူ ညီငယ်ချောလေးက ပိုက်ဆံနှစ်ထောင် ဆွဲထုတ်ပြီးသား ဖြစ်နေပါပြီ။ ကျွန်တော်က အစ်ကိုကြီးကို လှမ်းကြည့်လိုက်မိတော့ အစ်ကိုကြီးက
“ရော့ သားသား၊ မုန့်ဖိုး တစ်ထောင် ထပ်ယူသွား။ ပန်းတော့ ထပ်မယူတော့ဘူး။ ဦးတို့စကားပြောဦးမယ်နော်” လို့ ချော့လွှတ်တယ်။
စိတ်ရင်းကောင်းတဲ့ အစ်ကိုကြီးသား မျက်နှာချောချောလေး ပိုင်ရှင် ညီလေးငယ်က အဲဒါကို လုံးဝ လက်မခံပါဘူး။ သူ့ဖလော်ဆော်ဖီက
“မဟုတ်ဘူး အဖေ။ ကလေးကို မုန့်ဖိုး မပေးရဘူး။ သူ့လုပ်အားခနဲ့ တန်တာကို‌ပေးရမယ်။ ညီလေးရဲ့ပန်းကို အစ်ကိုဝယ်မယ်၊ မုန့်ဖိုးမဟုတ်ဘူးနော်။ ရော့ ပိုက်ဆံနှစ်ထောင်” တဲ့။
မောင်အောင်မျိုးတို့ “ဂိန်” လို့ ခွေးအိုကြီးခဲမှန်သလို အကျယ်ကြီး စိတ်ထဲက အော်ညည်းမိပါရောလား။ ကိုယ်တွေက အခုလေးပဲ “ဟေ့ကောင်လေး မင်းမလွန်ဘူးလား၊ ဘာညာ” စိတ်ထဲမတွေ့တာ ပြောချထားမိတာလေ။ အဲသာ ဘယ်သူ မှားသလဲဆို ဘယ်သူမှ မမှားပါဘူး ခင်ည။
ကျွန်တော်က မန္တလေး အောင်မြေသာစံ သားပါ။ အဲဒီ ပန်းရောင်းတဲ့ကလေးတွေရဲ့ မေမေတွေ ကျုံးဘေးက သစ်ပင်ရိပ်မှာ သူတို့ကလေးတွေ ပန်းရောင်းနေချိန် အဝေးက တစ်ယောက်ခေါင်းတစ်ယောက် သန်းရှာရင်း ကြီးကြပ်ပေးနေတာ ကောင်းကောင်းသိပါတယ်။ လူတွေရဲ့ ခံစားချက်ကို ခုတုံးလုပ်ပြီး အကျိုးအမြတ်ရှာတဲ့ ကိစ္စတစ်ခုကို ပြောရ၊ ရေးရတာ အင်မတန် ထိလွယ်ရှလွယ် ဖြစ်ပါတယ်။ ဆိုရမှာဖြင့် စကားလုံးလေးတွေက ‘ကလေး’တို့ ‘ပန်းကုံး’ တို့။ အင်မတန် ထိလွယ်ရှလွယ် ဖြစ်ပါကော။ အဲဒါ လူအထင်ကြီးအောင် ဗိုလ်လို စပိ ရရင် ဒီ ‘အစ်ရှူး’ ကို အမှန်အတိုင်း လူတွေ ‘ကွန်ဗင့်’ ဖြစ်လာအောင် ကျွန်တော် ဘယ်လို ‘ပရယ်စန့်’ လုပ်မလဲပေါ့။ အဟီး။
နောက်ပြီး ကူညီတယ် ဆိုတဲ့ ကိစ္စတစ်ခု ထပ်ပြောပြပါဦးမယ်။ ဖြစ်ရပ်က ခြောက်နှစ်လောက် ကြာခဲ့ပါပြီ။ ဟိုး မန္တလေးမြို့သစ်က ခေါင်ခေါင်ခဲခဲ အလုပ်သမား လက်လုပ်လက်စား ရပ်ကွက်တွေထဲမှာ လမ်းဘေး ထမင်းဆိုင်လေးတွေ လေးငါးဆိုင်ရှိတယ်။ ဆိုင်စားရသလို၊ ဟင်းချည်း၊ ထမင်းဖြူချည်းလည်း ဝယ်လို့ရတယ်။ ဈေးကလည်း အဲဒီက လူတန်းစား တတ်နိုင်တဲ့ ဈေးပဲမို့ တစ်နေကုန် ဆိုင်ရာ အလုပ်တွေသွား၊ ချက်ချိန်ပြုတ်ချိန် မရကြတဲ့သူတွေမို့ အလုပ် ပြန်လာတော့ အဲဒီဆိုင်လေးတွေမှာ သင့်သလို ဝယ်စားကြ။ ရောင်းတဲ့ဆိုင်တွေဆိုတာလည်း အသားငါး အသီးအရွက်ကို အများဈေးနဲ့ဝယ်ပြီး ချက်ရောင်းလို့သာ အမြတ်ရယ်လို့ မိသားစုနေ့တွက်သာသာ ကျန်ကြတာ၊ တကယ့်တကယ် နင်လား ငါလား မြတ်ကြတာ မဟုတ်။ တအားအမြတ်ကြီးစားရင်လည်း အဲဒီရပ်ကွက် လူတန်းစားက ဝယ်မစားနိုင်ဘူး။ သူ့အရပ်နဲ့ သူ့ဇာတ်တော့ တော်တော်လေးကို အဆင်ပြေတယ်။ သို့သော် ထမင်းဟင်း အရည်အသွေးတော့ ကောင်းလှတယ် မဆိုနိုင်ဘူးပေါ့။
အဲဒီလို ထမင်း ဟင်း ကွာလတီကို မြို့ပေါ်မှာနေတဲ့ စေတနာ့ရှင်ကြီးတစ်ယောက်က မြင်သွားပြီး ဤလူတန်းစားအား ယခုထက် လျော့သောဈေးနှုန်း၊ ယခင်ထက်ကောင်းသော အရသာမျိုးဖြင့် ချက်ရောင်းပေးရသော် မကောင်းလောဟု သူ့ကိုယ်သူ မေးတယ်။ “အို... ကောင်းတာပ ငါ့ရှင်” လို့ သူ့ဟာသူ ကောက်ချက်ချတယ်။ “ကောင်းရင် ချကွာ” ဆိုပြီး ကိုယ်တိုင်ပဲ ထောက်ခံအားပေးပြီး ‘မလှူတတ်ဈေးရောင်း’ ပရဟိတ ပရောဂျက်လေးတစ်ခု လူမှုကွန်ယက်ကနေ စလိုက်တယ်။ ဆန်၊ ဆီ၊ ဆား၊ ဟင်းသီးဟင်းရွက် ကအစ စေတနာရှိသူ လူအများက ဝိုင်းလှူပေးကြပါတယ်။ ပြီးတော့ အဲဒီ ရပ်ကွက်လေးတွေမှာ ကားကြီးနဲ့ ထမင်းဟင်းတွေ ဈေးချိုချိုနဲ့ လှည့်ရောင်း ပေါ့။ ဒါကောင်းပါတယ်။ အပြစ်ပြောဖို့ မရှိပါဘူး။ သို့သော် အလှူနဲ့တူတဲ့ဈေးရောင်း ကို ကိုယ့်အရင်းနဲ့ကိုယ်ရပ်တည်ရရှာတဲ့ စောစောက လမ်းဘေးထမင်းဆိုင်လေးတွေ မယှဉ်နိုင်ကြရှာတော့ပါဘူး။ ထမင်းဟင်းဆိုတာ ချက်ပြီး မရောင်းရရင် လွှင့်ပစ်ရတာ။ တစ်ပတ်ကနေ တစ်လ။ တစ်လကနေ ကိုးသီတင်း ဆိုတော့ အရင်းပြုတ်ပြီး တဖြုတ်ဖြုတ်လစ်ကုန်ကရော။ မိုးမင်းကြီးက လူအများအေးစေဖို့ ရွာချလိုက်တာမှာ ပုရွက်ဆိတ်လေးတွေ တွင်းပိတ်သေတာ၊ ဒါလည်း အပြစ်ပြောဖို့ ခက်ပါတယ်။ ဒါပေမယ့် ခင်ဗျာ ဘယ်သူက ကြာကြာလှူနိုင်မှာတဲ့လဲ။ ဘာမှ မကြာခင် အဲဒီကိစ္စကို ဘယ်သူမှ စိတ်မဝင်စားတော့တဲ့ အချိန် အလှူငွေမရ၊ အကုန်လုံး ကမောက်ကမတွေ ဖြစ်ကုန်ရောဗျ။ ကျွန်တော်ပြောတာ သဘောပေါက်မလား မသိဘူး။ အဲဒီရပ်ကွက်မှာ နဂိုခံအခြေစိတ်ဓာတ်လေးတွေ ပျက်ကျန်ခဲ့တာပဲ အဖတ်တင်ပါတယ်။
ကျွန်တော့်ငယ်ဘဝကြီးပြင်းရာဌာနေဆိုရင် ဧရာဝတီမြစ်ကမ်းဘေး ရွာကလေး။ နှစ်တိုင်း ဝါဆိုဝါခေါင်ဆို ရေတွေကြီးတယ်။ မှတ်မှတ်ရရ မြန်မာပြည်မှာ ရေဘေးတွေဘာတွေဖြစ်တော့ ဘယ်က ဘယ်လိုရောက်လာမှန်း မသိတဲ့ အလှူရှင်တွေနဲ့ ချိတ်ပြီး ရွာထဲက လက်ကြောမတင်းတဲ့ငပျင်းတွေ သွားအကူခံကြတာကို ကျွန်တော်တို့ ရွာခံတော်တော်များများ ရှက်ခဲ့ကြဖူးတာ မှတ်မိပါတယ်။ လူကြီးတွေမျက်စိမျက်နှာ ပျက်ပျက်နဲ့ ဆိုကြတာ ငါတို့ ရွာ နာမည်ပျက်တယ် တဲ့။ ဟုတ်တာပေါ့။ တစ်ခါမှ ရေမတက်ဖူးတဲ့ နေရာမှာ ရေတက်ရင်သာ ဘေးဖြစ်တာလေ။ ကျွန်တော်တို့က လယ် နဲ့ ကိုင်းနဲ့ အင်းနဲ့ ချောင်းနဲ့ လုပ်စားလာခဲ့ကြတဲ့ နှစ်သက်ပတိ ကြာခဲ့လှပြီ။ ဘာမှ မသိတဲ့သူက ကြည့်ရင်တော့ ရွာပေါ်ရေတက်နေတာပေါ့။ သို့သော် ဒုက္ခမရောက်ပါဘူး။ ကျွန်တော်တို့မှာ လှေနဲ့ လှည်းနဲ့။ ပုတ်နဲ့ ပဲနဲ့။ ဓနိနဲ့ ငါးပိနဲ့။ မြို့ကြီးပြကြီးလောက် ပိုက်ဆံမကြွယ်ဝသော်ငြား ကိုယ့်စိတ်ကိုယ်မာန်နဲ့ အလုပ်တွေလုပ်ပြီး နှစ်တိုင်း ဆိုင်းနဲ့ဗုံနဲ့ အလှူကြီးတွေပေးတဲ့ အမျိုးခင်ဗျ။
ဆိုတော့ကျ အဲဒါမျိုးလေးတွေဟာ လူအများသဘောပေါက်အောင် အရေးခက်ပါသဗျာ။ လူတွေဟာ ကိုယ့်မျက်စိနဲ့ မြင်တာလေးမှာတင် ချစ် ခင် သနား ခံစားချက်တွေများပြီး ဆုံးဖြတ်တတ်ကြတာ။ တိရိစ္ဆာန်လေးတွေကိုချစ်တယ်။ အပင်လေးတွေကို မြတ်နိုးတယ် ဆိုတာ ကောင်းပါတယ်။ ဒါပေမယ့် နေရာအခန်း ခပ်ကျဉ်းကျဉ်းလေးတွေကို မျှသုံးကြရတဲ့ အများပိုင် အဆောက်အအုံ လူနေတိုက်ခန်း စသည်ရဲ့ အများဆိုင်လျှောက်လမ်းတွေမှာ၊ အများပိုင်နေရာ ကွက်လပ်တွေမှာ၊ ကိုယ့်အခန်း ဥပစာနေရာရှေ့ သစ်ပင်ပန်းမန်ပေါင်းစုံ အိုးတွေနဲ့ချစိုက်ပြီး ရေတစက်စက် ရွှံ့တပေပေနဲ့ လုပ်ထားတတ်တဲ့ သစ်ပင်ချစ်သူတွေရဲ့ ရင်ထဲက အတ္တစိတ်ကြီးဟာ မြင်တတ်သူအဖို့ ပြူးပြောင်နေတာပါပဲ။ သို့သော် သစ်ပင်ချစ်တယ် ဆိုတဲ့ အများအမြင် နူးညံ့တဲ့အရိပ်အောက်က သူတို့ကို ကျွန်တော်တို့ဟာ အပြစ်စကားလေးပြောဖို့တောင် ထိလွယ်ရှလွယ် ဖြစ်ပါတယ်။ ဒါ့ထက် ပိုပြီးနည်းနည်းလောက် အရဲစွန့် ဆိုရရင်- ဆန်လေးနည်းနည်းချက်ပြီး ထမင်းကိုဟင်းကြွင်းဟင်းကျန်နဲ့ သို့မဟုတ် အသားတိုငါးစလေးတွေ ဝယ်ချက်လို့ နယ်ဖတ်ကာ လမ်းပေါ်မှာ ခွေးစာလိုက်ကျွေးတဲ့ အဖွဲ့မျိုးတွေပေါ့။ (ဒီနေရာမှာ ဂေဟာလုပ်ပြီး စောင့်ရှောက်ထားသူတွေကို မဆိုလိုပါ။ ကျွန်တော့်မှာ ခွေးကြီးမျိုးလေးကောင်တောင် ရှိလို့ ခွေးကို တကယ်တမ်း ဘယ်လိုကျွေးမွေးစောင့်ရှောက် ဆေးကုပေးရလဲ၊ ဘယ်လောက်တာဝန်ကြီးလဲ ကောင်းကောင်းသိပါတယ်။) ဘာဖြစ်သလဲဆို ခွေးဆိုတဲ့အမျိုးက အစာကျွေးတဲ့ သူကို ချစ်သဗျ။ သစ္စာရှိသဗျ။ အဲ... သူ့အတွင်း ဗီဇ သဘာဝလေးမှာကျလည်း ရန်လုပ်ချင်တဲ့ သဘော ရှိပြန်ရော။ ခွေးကြောက်တတ်တဲ့လူကိုဆို ပိုဆိုးပါတယ်။ ခွေးဟာ လူတစ်ယောက်ကို မြင်တာနဲ့ အဲဒီလူ စိတ်ထဲက သူ့ကို ကြောက်တဲ့ဓာတ်ကို သိတတ်ပြီး၊ ကြောက်သူကို ပိုလို့ ဒုက္ခပေးတတ်ပါတယ်။ ဒီတော့ ကိုယ်က ကုသိုလ်ကံကောင်းလို့ ကားလေးတဝီဝီနဲ့ သွားနိုင်နေတဲ့ လူတန်းစားမှာ မသိသာပေမယ့် ရပ်ကွက်ထဲက အများသူငါမှာ - အိုဗျာ… ဒီနေရာလေးမှာပဲ ဒီကိစ္စပြောလက်စကို ကျွန်တော် ဘရိတ် ဖမ်းပါရစေတော့။ အဟီး။
တကယ်ဆိုရင် ဘယ်လိုမှ ရောင်းမကုန်တော့မယ့် ဖရဲသီးစိတ်လေးတွေကို ဘတ်စ်ကားပေါ်မှာ ရုံးကပြန်လာတဲ့ ကောင်မလေးလှလှအား
“မမကို ချစ်လို့ကျွေးတာ” ဆိုကာ ပြောပြီးအလကားပေးလို့၊ မုန့်ဖိုးတွေရသွားတဲ့ ဒရာမာအကွက်မျိုးတွေ ဒီနိုင်ငံက ကြိုက်မှန်းကျွန်တော်သိပါတယ်။ နို့ပေတဲ့ ကျွန်တော်က အဲဒီလိုကြီး ရေစုန်လိုက်ပြီး မရေးလိုဘူးဗျ။ ရေဆန်ဖြစ်ခါမှ ဖြစ်စေ- ဖြစ်သင့်ဖြစ်ထိုက်တာလေး ရေးပြလိုက်ရရင် ကိုယ့်စာဖတ်သူ (အရေအတွက်နည်းနည်းလေးပဲ ဆိုစေ) အပေါ် တာဝန်ကျေတယ်လို့ ခံစားကျေနပ်တတ်တဲ့ စိတ်အခံမျိုးလည်း ရှိပြန်ရော။ ဒီတော့လည်း မောင်အောင်မျိုးလေးမှာ လူကြိုက်မများမယ့် စာလေးတွေ ထရေးလိုက်၊ အဆော်ခံရပြီး ငြိမ်သွားလိုက်ရနဲ့ ဂျာအေးကို သူ့မာမီရိုက်တဲ့ ကဗျာလေးလိုပါပဲ။
စာရေးတဲ့လက်ဆိုတာ ကီးဘုတ်ပဲ ကိုင်တာပါဗျာ။ ကိုအောင်မျိုးစာလေးတွေ ဖတ်ကြပါ။ တအားကောင်းတယ် ခင်ညာ။ (အဟီး။ ဒါက ကြော်ငြာ။) ဒီလိုမှ လက်မခံနိုင်ရင်လည်း ကျွန်တော့်ကို မျက်ရည်ကျအောင် ခဏခဏလုပ်ဖူးတဲ့ ချစ်အင်္ဂလန်သူကြီး အဒဲ (Adele) ပြောဖူးသလို
“I had no time to choose
What I chose to do
So, go easy on me baby”
သက်သက်ညှာညှာလေး တော့ လုပ်ကြပါလို့။ 😁
မေတ္တာဗရပွဖြင့်-
အောင်မျိုးသူလွင်
၁၄၊၀၉၊၂၀၂၃
ကြာသပတေး
Original Link https://www.facebook.com/Aungmyothulwinartist/posts/6731181813596665

No comments:

Post a Comment