Thursday, June 27, 2019

 “ပဋ္ဌာန်းကဆူ၊ နေကပူ၊ အူသောခွေးကို ရိုက်သတ်မည်”
( အောင်မျိုးသူလွင် )


ကိုချောရေ
     မနေ့ညက ခင်ဗျား အောက်တန်းကျကျတိုက်ကွက်တွေနဲ့ အရှိုက်နှက်ခံလိုက်ရတဲ့ အကြောင်းသိရတော့ တွေးမိတာတွေက အများကြီးဗျ။ တိုက်တိုက်ဆိုင်ဆိုင် ခင်ဗျားနဲ့ကျွန်တော်က ဒဏ်ရာလေးတွေ လာလာတူနေတတ်ရဲ့။ လောကမှာ ပညာနဲ့အထက်တန်းကျဖို့ မမြတ်နိုးတတ်တဲ့လူတွေဟာ ဘယ်နေရာမှာရှိရှိ အောက်တန်းကျကြတာပါပဲဗျာ။
    ပြောရဦးမယ်ကိုချောရဲ့…။ ကျွန်တော်တို့ ဗမာပြည်ထဲက “ရေငန်သောက် မြက်ခြောက်စား” လို့ လူတွေနှိမ်ခေါ်ကြတဲ့ တချို့ဒေသလေးတွေ ကျွန်တော်ရောက်ဖူးတယ်။ ကလေး လူကြီးတော်တော်များများ စာမတတ်ကြသလို၊ ပိုက်ဆံလည်း ဆင်းရဲကြပါတယ်။ ဝန်ကြီး ပဒေသရာဇာရဲ့ “နွေဦးကာလ မြူထသောအခါ” တျာချင်းထဲက ချစ်စရာ့ ဇာတ်လိုက်ကျော်တွေပေါ့ဗျာ။ ဒီလောက်ဆို သူတို့ဒေသ ဘယ်လောက်မွဲလဲ၊ ကျွန်တော်ထပ် ကွန့်ပြဖို့ မလိုတော့လောက်တော့ပါဘူး။
    ကျွန်တော်ရောက်သွားရင် များသောအားဖြင့်တော့ အလှူဗျ။ လူကြီးသူမ ပုစုခရု အကုန်လာစားတာပဲဗျာ၊ ပန်းကန်ပြားတောင် မဆေးဘဲ လက်ကူးစားကြတယ်။ ထမင်းရုံကို ဝါးလုံးတားထားရတယ်။ မနက်လင်းရင် ပြောင်ပြီပဲ။ အရပ်အခေါ်တော့ “မီးခိုးတိတ်” ပေါ့။ တစ်ရွာလုံး အိမ်မှာမွေးထားတဲ့ခွေးပါမကျန် အလှူမှာလာစားကြတာ။ အဲဒီတော့ “မီးခိုးတိတ်” ပေါ့ဗျာ။ ဘယ်အိမ်မှ ထမင်းမချက်တော့ဘူးဆိုတဲ့ သဘော။ အဲလို မိဆင်းရဲတို့အလှူကို ကိုငမွဲတို့ တစ်ရွာလုံး မီးခိုးတိတ် လာစားကြတာကို ပညာမတတ်လို့ တောင်သူယာလုပ်ဓားမခုတ် ကျောပြောင်ကြီးတို့ အသိုင်းအဝိုင်းမှာ အကုန်သာဓုခေါ်ကြပါသဗျာ။
    ကဲ… ကိုချော တွက်သာကြည့်၊ ဝက်သတ်ပြီး တစ်ရွာလုံး ခွေးပါမကျန်ကျွေးတဲ့ အဲဒီ အလှူမျိုး တစ်ခါလှူ ဘယ်လောက်ကုန်မယ်ထင်သတုန်း။
ကျုပ်တို့ မန်းလေးမှာတော့ ကိုချောရေ… ကျုံးတစ်ဖက်ဟာ နှစ်မိုင်နီးနီးရှိတာ၊ အဲဒီနှစ်မိုင်နီးနီးရှည်တဲ့ လမ်းမကြီးဘေးက တစ်ခုသော ကုက္ကိုပင် ပင်စည်မှာ မြှောင်ကပ်ထားတဲ့ ဒက်စတော့ကွန်ပျူတာ စစ်စတမ်ပုံးနှစ်ခုစာလောက် သေတ္တာလေးမှာ စားစရာတွေထည့်လှူတာတဲ့၊(တစ်ရာ့ငါးဆယ်တန် ပေါင်မုန့်လေးတွေ ထင်ပဗျာ)
အံ့ဩစရာခင်ဗျာ… ခဏလေးနဲ့ကုန်သွားလို့ စားတဲ့လူတွေကို ဝမ်းပြင်အိတ်ပါရပါမလား ဆိုပြီး၊ အစားလေးတစ်လုတ်အတွက် ဓာတ်ပုံရိုက်အရှက်ခွဲကြသတဲ့လေ။ ကျွန်တော်ပြောဖူးပါပကော ကိုချောရဲ့… တချို့လူတွေဟာ သူတို့ ဘယ်လောက်ဖြူစင်ကြောင်း ပြဖို့ဆိုရင် တော်တော့်ကိုရက်စက်နိုင်ကြတာပါလို့။ ပညာမတတ်တဲ့ ရေငန်သောက်မြက်ခြောက်စား ဒေသက မိဆင်းရဲတို့အလှူဟာ ကြည်နူးစရာကောင်းသလောက်၊ ပညာတတ်လူယုတ်မာတွေရဲ့ ဆင့်ပါးစပ်နှမ်းပက်ပြီး သောက်ရှက်ခွဲတဲ့ လုပ်ရပ်တွေဟာ ရွံစရာကောင်းလိုက်တာဗျာ။
     တစ်ခါတုန်းက တက္ကသိုလ်လို့ခေါ်တဲ့ နယ်မြေမှာ ကျောင်းသားတစ်ယောက်ကို အပြစ်ပေးဖို့ ပါမောက္ခတွေ စည်းဝေးကြရောတဲ့။ အဲဒီကျောင်းသားက ကျောင်းထဲက အများသောက်တဲ့ သောက်ရေအိုးကို ခွဲပစ်တဲ့ကျောင်းသား။ စော်ကားလိုက်တာ။ ဒီကျောင်းသားကို ကျောင်းထုတ်ပစ်သင့်တယ်။ ဒါ ပါမောက္ခတွေ ယူဆတာ။ အဲဒီမှာ ပါမောက္ခတစ်ယောက်က ထပြောတယ်။
    “ဟိုးအရင်တုန်းကလည်း တက္ကသိုလ်ကျောင်းက ရေအိုးစင်ကို ခွဲပစ်တဲ့ ကျောင်းသားတစ်ယောက် ရှိခဲ့ဖူးတယ်”
ဒီတော့ ကျန်တဲ့ ပါမောက္ခတွေက
    “အဲဒီ ကျောင်းသားကို သူတို့ ဘာလုပ်လိုက်ကြလဲ။ အဲဒီကျောင်းသား ဘာဖြစ်သွားသလဲ” လို့ ဝိုင်းမေးကြတာပေါ့။ ဒီအခါ ပါမောက္ခကြီး ပြန်ဖြေတာက
    “အဲဒီရေအိုးခွဲခဲ့တဲ့ ကျောင်းသားဟာ အခုခင်ဗျားတို့ကို စကားပြောနေတဲ့ကောင်(သမိုင်းပါမောက္ခ ဒေါက်တာသန်းထွန်း) ပါပဲ” တဲ့။ အဲဒီတုန်းကသာ အဲဒီကျောင်းသား ကျောင်းအထုတ်ခံခဲ့ရရင် ဒေါက်တာသန်းထွန်းဆိုတာလည်း ရှိလာခဲ့တော့မှာ မဟုတ်ဘူးပေါ့။ ဒီဖြစ်ရပ်ကို ခင်ဗျားလည်း ဖတ်ဖူးမယ်ထင်ပါရဲ့ ကိုချောရယ်။ ကျွန်တော်တို့ ငယ်ငယ်ကလည်း သီတင်းကျွတ်ဆို ဘုရားက ဖယောင်းတိုင်မီးတွေဖြုတ်ပြီး “မီးသရဲ” လုပ် ကစားဖူးကြတယ် ဟုတ်။
    ဒါပေမယ့် ကျွန်တော်တို့က ကံကောင်းကြတယ်။ သိပ်တန်ခိုးမကြီးတဲ့ ဗုဒ္ဓဘုရားရယ်၊ သိပ်အငြိုးမကြီးတဲ့ လူကြီးသူမရယ်တွေကြောင့် ခဏတာဆိုဆုံးမမှုလောက်နဲ့ လမ်းမှန်ရောက်ခဲ့ကြရတယ်။ သို့သော် အခုခေတ်များတော့…
    ဟော ဟိုတစ်လောက ကိုချောတို့ရန်ကုန်က သင်္ကြန်အလှ ပုသိမ်ထီးကိစ္စကိုကြည့်။ သိပ်တန်ခိုးကြီးတဲ့ အစိုးရနဲ့ သူ့ကိုးကွယ်သူတွေရယ်၊ နောက်တော့ ထုံးစံအတိုင်း ကိုယ်ဟာ မကောင်းမှုသေးသေးလေးကိုတောင် ဘယ်လောက်စက်ဆုပ်ကြောင်း ပြချင်တဲ့ ကိုဖြူစင် မဖြူစင်တို့ လူတစုရယ်က ငါးတစ်ကာယိုတဲ့ချေး ပုစွန်ဆိတ်ခေါင်းပေါ်တင်၊ နင်မဟုတ် နင့်အဖေပဲဆိုကာ ကံဆိုးသူဘဏ်ကကောင်မလေးကို ဝိုင်းအမဲဖျက်ကြပါရော မဟုတ်လား။ ကိုချောရေ… တချို့ဟာ ကြည်ကြည်လင်လင်ကြီးကို မျက်နှာတစ်ချက်မပျက် ရက်စက်နိုင်ကြတာမျိုးဗျ။
    တချို့လူတွေကတော့ “ပဋ္ဌာန်းကဆူ၊ နေကပူ၊ အူသောခွေးကို ရိုက်သတ်မည်” ဆိုတဲ့ သောက်ချိုးတွေပါ ကိုချောရာ။ အခု မီတာခတွေ တိုးကောက်တော့မယ်။ လျှပ်စစ်မီးက ပျက်တစ်ချက် လာတစ်လှည့်ပဲ။ အလုပ်အကိုင် အခွင့်အလမ်းက “နိုး”။ တိုးမလာဘူး။ ကမ္ဘာ့အလယ် မြန်မာဆိုတာရော တင့်တယ်လာပြီလား။ စင်ကာပူကိုတော့ ကျော်မယ်ဆိုလား ချက်မယ်ဆိုလား ပြောတာပဲ။ ပြောနေရင်းတန်းလန်း ဘဲဥတစ်လုံးက ငွေနှစ်ရာဖြစ်သွားတယ်။ ဆိုတော့ကာ အခုထိတော့ - နေသေးသပ ချုံထဲက၊ ချိုသွေးသမျှတော့ မြကိုမြမလာနိုင်သေးလို့ ချုံထဲကကို မထွက်နိုင်သေးဘူးဆိုတဲ့ အထာ။ အဲဒါ “ဇာတံ သရဏတော ဘယံ” ဆိုတော့ ဘယ်သူမှ အသံမထွက်ဝံ့ဘူး။ အဲဒါမျိုးကို ပဋ္ဌာန်းကဆူတယ်လို့ခေါ်တယ်။ သူတို့ နေ့စဉ်ဘဝတွေမှာ အလုပ်ထဲအဆင်မပြေတာ၊ လင်မယား သမီးရည်းစားချင်း အဆင်မသင့်တာမျိုးတွေလည်း ရှိမယ်။ ဒါက လူတိုင်းမှာ ရှိတဲ့ပြဿနာမျိုးတွေပဲ။ ဒါမျိုးတွေက နေပူတဲ့သဘော။ ဒီနှစ်ခုကို ဘာမှသွားအတွန့်တက်လို့မရဘူး။ ဆိုတော့ကာ စိတ်တိုတိုနဲ့နိုင်ရာမဲပြီး အူသောခွေးကို ရိုက်သတ်မည်ဆိုတာမျိုး ဖြစ်ကုန်တော့တာ။
     ဒီတော့ ဆိုကြပါစို့ရဲ့… ဖေ့ဘုတ်ပေါ်မှာ မိန်းမတစ်ယောက် အိမ်ထောင်ရေးဖောက်ပြန်တယ်ကြားရင် သူတို့အိမ်ထောင်ရေးအကြောင်း ကိုယ်ဘယ်လောက် သိသိမသိသိ၊ အဲဒီမိန်းမကို ဘယ်လောက်ရွံကြောင်း ဝိုင်းပြောလိုက်ရမှ။ ဘာလို့လဲ။ ခင်ဗျားစဉ်းစားကြည့်။ သူတို့ပြောလို့ သူတို့ထင်တဲ့ အဲဒီကိစ္စအဆင်ပြေသွားမှာ မဟုတ်မှန်း သူတို့လည်း သိတယ်ဗျ။ တကယ်တော့ သူတို့ဟာ အဲလိုကိစ္စတွေကို ဘယ်လောက်ရွံမုန်းကြောင်းပြပြီး ကိုယ့်ကိုယ်ကိုယ် အရောင်တင်ချင်ကြတာ အခရာပဲ။ တချို့များ ဘယ်လောက်အောက်တန်းကျလဲဆို၊ သူတို့ ရှုံ့ချမယ့်လူရဲ့ မိသားစု၊ သားသမီးပုံတွေပါ မရှောင်ချနင်းပြီး သူတို့ သိက္ခာလို့ထင်တဲ့အရာပေါ် လှေကားထောင်တက်ပြကြတာ။
     အဲဒါပဲဗျ ကိုချော။ တချို့လူတွေဟာ သူတို့ကို “မဟာ” တစ်ခုခုဖြစ်သွားစေမယ့် တောင်ထိပ်ကိုလှမ်းတက်နိုင်ဖို့ ခုတုံးတွေ သည်းသည်းမည်းမည်းကို လိုက်ရှာနေတော့တာ။ သူတို့ရဲ့ ပုဂ္ဂိုလ်ရေးမကျေနပ်ချက်တွေကို အဲဒီတောင်ပေါ်ကနေ သူတော်ကောင်းစိတ်အသွင်ယူပြီး အငြိုးတကြီးကို သွန်ချနေတတ်တော့တာ။
     ကိုချောရာ… စိတ်တော့မဆိုးနဲ့ဗျ၊ မနေ့ညက ခင်ဗျားခံရတဲ့ ကိစ္စကြားတော့ ကျွန်တော့်မှာ စိတ်ပျော်ရတယ်။ ဒီကိစ္စဟာ ဒီရက်ပိုင်းတွေထဲက ခင်ဗျားကျွန်တော့်ကို ကယ်လိုက်တာပဲ။
     တစ်ခါတလေ တချို့ဒဏ်ရာမျိုးတွေ ဖြစ်နေတာ ကိုယ်တစ်ယောက်ထဲ မဟုတ်ပါလားဆိုတဲ့ အတွေးဟာ လူကိုအားဖြစ်စေတယ်။ အဲ… ကိုယ်ချစ်ခင်ရတဲ့သူတစ်ယောက်ယောက်ဟာ ကိုယ်နဲ့ဒဏ်ရာပါလာတူနေပြီဆိုရင်တော့ ပျော်မိတာပဲဗျ။ ပြီးတော့ ကျွန်တော်ချစ်တဲ့အသိုင်းအဝိုင်း၊ ကျွန်တော်မြတ်နိုးရတဲ့လူတွေဟာ ကျွန်တော်နဲ့အတူ ကျွန်တော်သိပ်မုန်းတဲ့ အောက်တန်းကျမှုမျိုးတွေကို တိုက်ခိုက်နေတာပါလားဆိုတဲ့အတွေးဟာ ကျွန်တော့်ကို ဒီအလူးအလဲရက်တွေထဲက ကယ်တင်လိုက်တာပါပဲ။
ဒီစာက ကျွန်တော် ခင်ဗျားကို ကျေးဇူးတင်လို့ ရေးတဲ့စာပါ။
ချစ်တဲ့
အောင်မျိုးသူလွင်

Original Link
https://www.facebook.com/Aungmyothulwinartist/posts/2407507345964155

No comments:

Post a Comment